မြေခွေးများအုပ်စုလိုက်သတ်ဖြတ်စားသောက်နေသဖြင့် နမ္မတီးမြို့တွင်နေထိုင်သည့် စစ်ရှောင်ပြည်သူများ၏နွားများ ယခုလ လဆန်းပိုင်းမှစတင်ကာ မကြာခဏသေဆုံးနေကြရကြောင်း သိရသည်။

ဒေသခံပြည်သူများက စစ်ဘေးရှောင်နေချိန် ကဆုန့်ကျေးရွာနှင့် အနီးအနားရှိကျေးရွာများတွင် ကိုက်ဖြတ်စားခံထားရသည့် နွားများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု နမ္မတီးမြို့နေ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ကိုဗစ်ကာလတုန်းက မျိုးပွားနှုန်းပိုများလာတော့ မုဆိုးတွေလည်း မပစ်နိုင်တော့သလို ဖြစ်သွားတော့ အရမ်းများလာပြီး နွားတွေကို အဖွဲ့လိုက် အဲ့ဒီလိုသတ်ဖြတ်စားသောက်နေကြတာ။ သူတို့ (မြေခွေး) စားကြွင်းစာကျန်တွေ သွားတွေ့တဲ့အချိန်မှ လန့်ပြီး သိရတာမျိုးပေါ့” ဟုပြောသည်။

နွေဦးကာလတွင် နွားများကို တောထဲလွတ်ကျောင်းကြပြီး ယခုအချိန်ထိ ရွာနှင့်နီးသောနေရာများတွင် နွား ခြောက်ကောင်ခန့်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိထားကာ တောထဲတွင် မည်မျှသေဆုံးနေသည်ကို သွားရောက်ကြည့်ရှုနိုင်ခြင်းမရှိသောကြောင့် ယခုအရေအတွက်ထက် ပိုမိုများနိုင်ကြောင်း သူကဆက်ပြောသည်။

ကဆုန့်ကျေးရွာပြည်သူများက စစ်ဘေးတိမ်းရှောင်နေကြသည်မှာ ငါးနှစ်ကျော်လာပြီး လူသူသွားလာမှု နည်းပါးသောကြောင့် မြေခွေးများ လွတ်လပ်စွာမျိုးပွားလာနိုင်သောကြောင့် အုပ်စုလိုက်သွားလာနေကြခြင်းဖြစ်သည်ဟု တောင်ယာလုပ်ကိုင်နေသော ဒေသခံအချို့ထံမှ သိရသည်။

မြေခွေးများသည် ဆယ်ကောင်ထက်မနည်း အုပ်စုဖွဲ့သွားလာသည့် သဘာဝရှိပြီး ယခုတွေ့ရှိရသော မြေခွေးများမှာ အကောင်သေးများဖြစ်ကာ နွားများကို မစားဘဲ ကိုက်သတ်ထားခြင်းဖြစ်ကြောင်း နမ္မတီးမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦး ပြောသည်။

“ဝံပုလွေအဆင့်တော့ မဟုတ်ဘူး၊ သေးသေးလေးတွေ မြေခွေးပေါ့။ မြေခွေးတွေရဲ့ ဇက ဘာတိရိစ္ဆာန်ပဲဖြစ်ဖြစ် မျက်လုံးကနေ အရင်စစားတာ၊ ပြီးရင် နောက်ပေါက်စအိုအဲ့ဒါကို ပြန်စားပေါ့၊ နောက်ကျမှ ခန္ဓာကိုယ်တွေ ပြန်စားတာ၊ တဖြည်းဖြည်း ပြန်စားတာ။ အုပ်စုအသေးဆိုတော့ တချို့နွားတွေကိုဆို အကုန်မစားပဲနဲ့ ဒီတိုင်းကိုက်သတ်ထားတာတွေလည်း တွေ့ရတယ်” ဟုပြောသည်။

ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင်ကျေးရွာများမှ အိမ်ခြေ ဆယ်ခုကျော်က တောင်ယာလုပ်ငန်း လုပ်ကိုင်ရန် ကျေးရွာများတွင် ပြန်လည်နေထိုင်နေကြပြီး မြေခွေးများက လူကိုအန္တာရာယ်မပြုနိုင်သော်လည်း နွားများကို မြေခွေးရန်မှ ကာကွယ်ရန်နည်းလမ်းများကိုလည်း သက်ဆိုင်ရာ ရွာလူကြီးများနှင့် ဆွေးနွေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

လက်ရှိ နမ္မတီးမြို့တွင် ငါးနှစ်အရွယ် နွားတစ်ကောင်လျှင် အသားဈေးနှုန်း ကျပ်လေးသိန်းမှ ငါးသိန်းခန့်ရှိပြီး လှည်းဆွဲနိုင်သော နွားတစ်ကောင်လျှင် ကျပ် ခုနှစ်သိန်းခန့်နှင့် နွားပေါက်ကျသော နွားမကြီးများက ကျပ်ငါးသိန်းခန့် ဈေးပေါက်နေကြောင်း သိရသည်။

ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA) တပ်ရင်း ၁၁ ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသော ၂၀၁၈ ခုနှစ် ဧပြီလမှစတင်ကာ ကဆုန့်ကျေးရွာနှင့် အနီးအနားရှိရွာများမှ ဒေသခံပြည်သူ တစ်ထောင်ကျော်ခန့်က နမ္မတီးမြို့၊ လမ်းခွကျေးရွာရှိ စစ်ရှောင်စခန်းနှစ်ခုသို့ ထွက်ပြေးတိမ်းရှောင်နေထိုင်ခဲ့ကြကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ