စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ယနေ့ နံနက် ၁ နာရီခန့်က ယင်းမာပင်မြို့နယ်တွင် ကလေးတစ်ဦးသေဆုံးပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုံရွာ – ပုသိမ်ကားမကြီးဘေးရှိ အမှတ် ၂၈ ရဲတပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ရွှေပေကုန်းကျေးရွာရှိ နေအိမ်တစ်လုံးတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ခါးရိုးတစ်ဝိုက်မှာ ထိမှန်ပြီးတော့မှ ဝမ်းဗိုက်ကအူတွေ ခါးရိုးအောက်ကနေ ထွက်ကျလာတယ်။ ကြီးမားတဲ့ဒဏ်ရာကတော့ အဲ့လိုပြင်းပြင်းထန်ထန်ရတယ်ဗျ။  ပွဲချင်းပြီး သေသွားတာဗျ“ ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၁၂ နှစ်ခန့်အရွယ်ရှိ မိန်းကလေးတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၈၀ နှစ်ခန့်အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိထားပြီး လက်ရှိအချိန် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သူကဆက်ပြောသည်။

“အခုချိန်ထိဆေးရုံမှာရှိပါသေးတယ် အခြေအနေကတော့ ဂဃနဏမသိရသေးဘူး။ နံရိုး၊ လက်မောင်း ပြီးရင်ပေါင်၊ မျက်နှာမှာလည်း ဒဏ်ရာရတယ်လို့ပြောလို့ရတယ်ဗျ။ ဘေးအိမ်မှာလည်း လက်နက်ထိမှန်တာကြောင့် ထရံကာပျက်စီးတာမျိုးတော့ရှိပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ကလည်း မုံရွာ-ပုသိမ်ကားလမ်းပေါ်တွင် ဆိုင်ကယ်မောင်းနင်လာသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ညာဘက်ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

သတင်း – Pu Noi Tsawm

သင့်ထင်မြင်ချက်ရေးပေးပါ