စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀ ထက်မနည်းသေဆုံးပြီး ကလေးသူငယ်များအပါအဝင် သေဆုံးသူစုစုပေါင်း ၁၀၀ ကျော်နိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ဒေသထုံးတမ်းဓလေ့အရ ပွဲလမ်းသဘင်တွင် ကလေးသူငယ်များကို ဦးစားပေးကျွေးမွေးကြသဖြင့် သေဆုံးသူများတွင် ကလေးသူငယ်နှင့်အမျိုးသမီးများ အများအပြားပါဝင်သည်ဟု ကန့်ဘလူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အထူးသဖြင့် ကလေးတွေအများဆုံး။ ကလေးလေးတွေ တအားများသွားတယ်။ ကလေးလေးတွေက ခါးတစ်ပိုင်းမရှိတော့တာတို့၊ ခေါင်းမရှိတော့တာတို့၊ လက်ကလေးတွေလောက်ပဲ တွေ့တော့တာတို့။ ကျွန်တော်တို့ရွာဘက်က ဘာပွဲလမ်းသဘင်ပဲလုပ်လုပ် ကလေးတွေကို ဦးစားပေးပြီး ကျွေးလေ့ရှိကြတယ်။ ပြီးမှကျွန်တော်တို့ လူကြီးတွေစားကြတာပေါ့။ သူတို့ကျတော့လည်း ဒါလေးစားပြီးရင် ကျောင်းသွားကြမှာကို” ဟုပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် မလည်တိုက်နယ် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့၏ ခေါင်းဆောင်သုံးဦးဖြစ်သည့် ဦးမောင်ဦး (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ) ၊ ဦးမြတ်လင်း (ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ) နှင့် ဦးထွန်းရင် (ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံ) တို့အပါအဝင် ၎င်းတို့၏ မိသားစုဝင်များလည်း သေဆုံးသွားကြောင်း သူက ဆက်ပြောသည်။

“ဖြစ်စဉ်မှာပါသွားတာ တိုက်နယ်(ပအဖ)နဲ့သူ့အမျိုးသမီး။ ဝိုင်းချက်ကြတာ ချက်ကြ၊ ပြုတ်ကြနဲ့။ တိုက်နယ်(ပကဖ)ဆိုလည်း သူ့အမျိုးသမီး၊ သူ့သမီး။ သူ့သမီးလေးက သူ့အဖေရဲ့အလုပ်ကို ကူရတာကိုး။ တိုက်နယ်(ပလဖ)ဆိုလည်း သူနဲ့သူ့အမျိုးသမီး။ ကျွန်တော်တွေ့တာ တစ်ယောက်ပဲကျန်တယ် သူတို့(ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့) မှာ” ဟုပြောသည်။

ဗုံးကြဲခံရပြီးနောက် ညနေပိုင်းတွင်လည်း တိုက်လေယာဉ်ဖြင့် ဒုတိယအကြိမ် ထပ်မံ လာရောက်ပစ်ခတ်ခဲ့သေးကြောင်း ကိုယ်တိုင် ကြုံတွေ့သူတစ်ဦးက ပြောသည်။

“မီးသင်္ဂြိုဟ်နေကြတဲ့အချိန် လူကလည်းများတယ်။ ရာကျော်လောက်တော့ရှိမှာပေါ့။ ဘေးပတ်ဝန်းကျင်ကလည်း လာကြတယ်။ အဲ့မှာ လူအုပ်အုပ်နဲ့ဖြစ်နေတော့ အဲ့မှာ တစ်ခါပြန်လာပစ်တာ” ဟုပြောသည်။

ဒုတိယအကြိမ် လာရောက်ပစ်ခတ်သည့်ဖြစ်စဉ်တွင် အရပ်သားအမျိုးသားသုံးဦး ထပ်မံသေဆုံးသည်ဟု ကနဦးသိရသော်လည်း The 74 Media အနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် ပဇီကြီးကျေးရွာမှ ဒေသခံပြည်သူများ အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

မြေပြင်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ဗုံးကြဲခံရသည့်ဖြစ်စဉ်တွင် သေဆုံးသူလူဦးရေ ၁၂၀ နှင့် ၁၄၀ ကြားတွင်ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် ယမန်နေ့က ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အစုလိုက်အပြုလိုက်သေဆုံးခဲ့ခြင်းဖြစ်ပြီး ကလေးသူငယ်နှင့်အမျိုးသမီးအများအပြားပါဝင်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ပဇီကြီးကျေးရွာပါဝင်သော ကန့်ဘလူမြို့နယ်တွင် ကျေးရွာအုပ်စု ၈၆ စု ရှိပြီး လူဦးရေ နှစ်သိန်းကျော်နေထိုင်သည်။

သတင်း- Yu San

ဓာတ်ပုံ- ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ