ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအုပ်စု ကျောက်သွေးတောင်အနီး ယနေ့နံနက် ၅ နာရီခန့်က သတ်ဖြတ်ခံထားရသည့် ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူနှစ်ဦးမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးဖြစ်ပြီး ယမန်နေ့ညက သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ရပ်ကွက်နေဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“လူတွေဝိုင်းအုံကြည့်နေတာတွေ့တော့ သွားကြည့်ကြည့်လိုက်တာ မိန်းကလေးအလောင်းနဲ့ ယောက်ကျားလေးအလောင်းတစ်လောင်း ဖြစ်နေတယ်။ အဲ့ဘက်လမ်းကလူပြတ်တယ်လေ၊ ညဘက်အသတ်ခံရတာနေမှာ အသားတွေနွေးနေသေးတယ်” ဟုပြောသည်။

သတ်ဖြတ်ခံရသည့် အသက် ၂၇ နှစ်ခန့်အရွယ်ရှိ မတင်ဇာဆိုသူ၏ ရုပ်အလောင်းကို ဘစံချောက်အနီးတွင် တွေ့ရှိခဲ့ပြီး အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ကိုရဲအောင်ဆိုသူ၏ ရုပ်အလောင်းကို ကျောက်သွေးတောင်အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သေဆုံးသူများမှာ လည်ပင်း ပြတ်ရှဒဏ်ရာ ဦးခေါင်း၊ ဝမ်းဗိုက်နှင့် နောက်ကျော စသည့်နေရာများတွင် ဓားဒဏ်ရာအချက်ပေါင်းများစွာဖြင့် အသတ်ခံရခြင်းဖြစ်ကြောင်း ရပ်ကွက်နေ အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လောလောဆယ်ထိတော့စုံစမ်းလို့မရသေးဘူး။ ဘယ်သူတွေလဲဆိုတာ ဒါကလူသတ်မှုပဲ လုယက်မှုတော့မဖြစ်နိုင်ဘူး။ လုပြီးသတ်မယ်ဆိုရင် ဆွဲကြိုးတွေ၊ လက်စွပ်တွေ အကုန်ယူသွားမှာလေး အခုကအငြိုးနဲ့အသတ်ခံရတာဖြစ်နိုင်တယ်” ဟုသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ည ၈ နာရီခန့်ကလည်း ဖားကန့်မြို့အတွင်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၅ ဦးထက်မနည်းကို လက်တွင် ချည်နှောင်ထားပြီး ဖမ်းဆီးသွားကြောင်း လွတ်မြောက်လာသူတစ်ဦးကပြောသည်။

“ကျွန်တော်က သူငယ်ချင်းနဲ့အတူတူ ဆိုင်ကယ်စီးလာခဲ့တာ ရပ်ပေးဆိုလို့ရပ်ပေးလိုက်တာ အဲ့တာကို ပိုက်ကလစ်တွေနဲ့ လက်တွေကိုချည်ပြီး ဖမ်းခံလိုက်ရတယ်။ မိန်းကလေးတွေနဲ့ ကလေးတွေကိုတော့မစစ်ဘူး။ ယောက်ကျားလေးတွေကိုပဲ အဓိကထားစစ်တာ” ဟုသူကပြောသည်။

ဖားကန့်မြို့မ ရဲစခန်း၊ မြို့မရပ်ကွက်ရှိ လျှပ်စစ်ရုံးအနီးနှင့် ဘေလီတံတားတို့တွင် တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆိုင်ကယ်များကိုပါ သိမ်းဆည်းသွားသည်ဟု ရပ်ကွက်နေဒေသခံတစ်ဦးက ပြောသည်။

“လုံးခင်းကျောက်ဝိုင်းသိမ်းတဲ့အချိန်ဟုတ်တယ်။ ကျောက်ဝိုင်းကနေပြန်လာရင် ရဲစခန်းရှေ့နဲ့ EPC ရှေ့မှာ စစ်တာလို့ပြောတယ်။ အရင်နေ့တွေကလည်း စစ်တော့စစ်တယ် အခုလိုတော့ အရမ်းမစစ်ဘူး သိပ်ပြီးတော့လည်း မဖမ်းဘူး” ဟုသူကပြောသည်။

ဖမ်းဆီးခံရသူများတွင် ကချင်လူမျိုးလူငယ် ငါးဦးပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူငယ်ယောင်္ကျားလေးများကို အဓိကထား စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိကြောင်း ငှက်ပျောတောရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။

“ကချင်ဖြစ်နေတာနဲ့ကို သူတို့ကဖမ်းချင်နေတာ လူငယ်တွေဆိုပိုကြိုက်တာပေါ့။ ဖမ်းပြီးပြန်လွတ်ပေးလာတာလည်းရှိတယ် မလွတ်ပေးတာမျိုးလည်းရှိတယ်။ ဘာကြောင့်လည်းဆိုတာတော့ သေသေချာချာမသိရသေးဘူး” ဟုသူကပြောသည်။

ဖားကန့်မြို့ အေးမြသာယာအုပ်စု မော်မောင်းလယန်ကျေးရွာအနီးရှိ ညောင်ပင်ကုန်းတွင်လည်း ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူတို့၏ဖုန်းနှင့် ဆိုင်ကယ်များကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်မှ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ မေတ္တာရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမင်းအောင်ဆိုသူကိုလည်း ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သတင်း – SK

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ