မြစ်ကြီးနားမြို့နယ် နောင်နန်းအုပ်စု အမှတ် (၃) ပ.လ.န ရဲစခန်းအနီးတွင် ယနေ့ည ပေါက်ကွဲသံနှစ်ချက် ကျယ်လောင်စွာကြားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ည ၇ နာရီခန့်ကျော်တွင်တစ်ကြိမ်၊ ၈ နာရီခန့်တွင်တစ်ကြိမ် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းအနီး နေထိုင်သည့် အသက် ၂၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီး တစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ခုနဲ့တစ်ခုကသိပ်မခြားဘူးပေါက်ကွဲတာ အိမ်ကကြားရတာ မြေကြီးတောင်တုန်တယ်။ အကျယ်ကြီးပဲ” ဟုပြောသည်။

ဗုံးပေါက်ကွဲသံကြားရပြီးနောက် သေနတ်ပစ်ခက်သံ ဆယ်ချက်ကျော်ခန့်ကြားခဲ့ရကြောင်း ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“ရဲစခန်းနောက်ဘက်ထင်တယ်၊ ဘယ်သူတွေပစ်တာလဲမသိဘူး၊ အရင်ကလည်းကြားရတယ်။ ဗုံးသံက ဒီအနီးနားမှာပဲ ဗုံးသံကြားရပြီး ၁၅ မိနစ်လောက်ဆိုရင် သေနတ်သံကြားရပြီ” ဟုပြောသည်။

မြစ်ကြီးနားမြို့ဗဟိုမဏ္ဍပ်တွင်လည်း ယနေ့ည ၇ နာရီခန့်က ဗုံးပေါက်ကွဲသံ ကြားခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်ညကလည်း  အမှတ် (၃) ပ.လ.န ရဲစခန်းအနီးလက်နက်ကြီးသံ ကြားရပြီး ယမန်နေ့ညကလည်း လယ်ကုန်းရပ်ကွက်ရှိ ရဲတပ်ရင်း (၃၀) တွင် ဗုံးကွဲသံကျယ်လောင်စွာထွက်ပေါ်ခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ