ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် နန့်လန်ကျေးရွာနှင့် နောင်လက်ကြီးကျေးရွာကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၀)၊ ခလရ (၇၇)နှင့် ခလရ (၈၈)ပူးပေါင်းစစ်ကြောင်းသည် ယနေ့ နံနက် လေးနာရီခန့်က နန့်လန်ကျေးရွာကို မီးရှို့ပြီးနောက် လေးနာရီခန့်အကြာတွင် နောင်လက်ကြီးကျေးရွာကို ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာကပစ္စည်းတွေက ရွှေ့ထားကြပြီ။ တချို့တွေလဲကျန်တာပေါ့။ သူတို့က(စစ်ကောင်စီက) ရွာထဲမှာနေကြတော့ အချိန်ကနည်းနည်းလေးပဲရတာလေ။ မတတ်နိုင်ဘူး သူတို့လုပ်သမျှခံရမှာပဲ။ တိုက်ပွဲမဖြစ်ဘဲ အလကားသက်သက် မီးရှို့တာကို စိတ်တိုတာ” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာချိန်တွင် ကျေးရွာကို မီးရှို့သွားခြင်းဖြစ်ကြောင်း ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“သူတို့က ဆုတ်ရင်းနဲ့ရှို့သွားတာ။ တိုက်ပွဲမဖြစ်ဘူး။ တိုက်ပွဲကတော့ ပြီးသွားပြီ။ ဒါပေမဲ့ သူတို့ဆုတ်ရင်းနဲ့ အဲ့ရွာလမ်းအတိုင်း ဆုတ်ရင်းနဲ့ မီးရှို့သွားလိုက်တာ” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် နန့်လန်ကျေးရွာမှ နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပြီး နောင်လက်ကြီးကျေးရွာမှ နေအိမ်မည်မျှ မီးလောင်ပျက်စီးခဲ့သည်ကို မသိရှိရသေးပါ။

ရွှေကူမြို့အရှေ့ပိုင်း၊ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ရင်း (၃) နယ်မြေတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည်မှာ ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီစစ်ကြောင်းက မံဝိန်းရွာ၊ စီမူကြီးရွာ၊ စီမူလေးရွာ၊ နန့်လန်နှင့် နောင်လက်ကြီးကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စီသာရွာ၊ တုံးကောက်ရွာနှင့် စီသောင်ကျေးရွာတို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အဆိုပါကျေးရွာများမှ စုစုပေါင်းနေအိမ် ငါးရာထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။

၂၀၁၉ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကျေးရွာအုပ်စု ၂၆ စုရှိပြီး ကျေးလက်နေအိမ်ထောင်စု တစ်သောင်းခွဲခန့်ရှိသည်။

သတင်း- Yu San

ဓာတ်ပုံ- ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ