စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ယနေ့ နံနက် ရှစ်နာရီဝန်းကျင်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရုံးဖွင့်ပွဲ ပြုလုပ်နေစဉ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြောင်း သိရသည်။

ရုံးဖွင့်ပွဲ ပြုလုပ်နေစဉ် အကျွေးအမွေးပြုလုပ်နေသည့် ထမင်းစားဆောင်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့် အရပ်သားပြည်သူများသေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ် အမျိုးသားတစ်ဦးက The 74 Mediaကို ပြောသည်။

“ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဖွင့်ပွဲဆိုပြီးရှိတယ်။ အကျွေးအမွေးလည်းပါတော့ ရွာကအရပ်သားပြည်သူတွေပါရှိတဲ့ ထမင်းကျွေးရုံကို ဗုံးချလိုက်တဲ့သဘောပဲ။ အဲ့မှာကလေးတွေရော အကုန်ပါကုန်တာပေါ့ဗျာ။ ဝါးရုံပင်ပေါ် တင်နေတာတွေရော ဘာတွေရော အကုန်လိုက်ကောက်နေတုန်း။ ပြတ်ထွက်တဲ့ဟာတွေကပဲ များနေတယ်။ အလောင်းကလည်း သူ့ဟာကိုယ့်ဟာ ခွဲလို့မရတဲ့ဟာတွေလည်း အများကြီးပဲ” ဟုပြောသည်။

MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်အပြင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် ကလေးသူငယ်များ၊ အမျိုးသား၊ အမျိုးသမီးနှင့် ကိုယ်ဝန်ဆောင်မိခင်များပါမကျန် ပြည်သူတစ်ရာကျော် ထိခိုက်သေဆုံးသည်ဟု သူကဆက်ပြောသည်။

“ဗုံးကြဲသွားတာ တော်တော်လေးများတယ်။ ပအဖရုံးကတော့ မီးလောင်သွားတယ်။ လူအုပ်ပြေးရင် ပြေးတဲ့နေရာကို လိုက်ပစ်တာလေ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး လက်ရှိချိန်ထိ သေဆုံးသူအရေအတွက်မှာ များပြားလွန်းသည့်အတွက်  တိတိကျကျ မသိရှိနိုင်သေးကြောင်း ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တိုက်လေယာဉ်နဲ့က ဗုံးကြဲတယ်။ 35 (MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်) နဲ့ကပစ်သွားတာ စက်သေနတ်နဲ့ရော၊ ရော့ကတ် (ဒုံးကျည်) နဲ့ရော။ လောလောဆယ် ထိခိုက်သေဆုံးကသေချာတော့ ခွဲလို့မရသေးဘူးပေါ့နော်။ နောက်မှခွဲလို့ရမှာ။ တိုက်ပွဲမဖြစ်ဘဲနဲ့ လာပစ်သွားတာ။ ထိတွေ့မှုလည်းမရှိဘူး။ ဘာမှမဖြစ်ဘူး” ဟုပြောသည်။

ထိခိုက်သေဆုံးသည့် အရပ်သားပြည်သူများတွင် ပဇီကြီးကျေးရွာ၊ ချောင်းရှည်ကျေးရွာ၊ ချောင်းသာကျေးရွာ၊ ထန်းတောကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ  ဒေသခံများ ပါဝင်ကြောင်းသိရသည်။

မြေပြင်သတင်းရင်းမြစ်များပြောကြားချက်အရ သေဆုံးသူဦးရေသည် တစ်ရာဝန်းကျင်တွင်ရှိပြီး ထိခိုက်ဒဏ်ရာရသူမှာလည်း ငါးဆယ်ထက်မနည်းရှိကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာတွင် ပြုလုပ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် KI0 အဖွဲ့ဝင်များအပါအဝင် အရပ်သားပြည်သူ  ၆၃ ဦးထက်မနည်း သေဆုံးပြီး ၆၁ ဦး ဒဏ်ရာရခဲ့သည်။

သတင်း- Yu San

ဓာတ်ပုံ- ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ