စစ်ကောင်စီရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေစဉ် ဗုံးပေါက်ကွဲမှုကြောင့် ကလေးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းကျေးရွာရှိ ရဲစခန်းကို ယမန့်နေ့ နံနက် ၅ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များသွားရောက်တိုက်ခိုက်ချိန် လက်နက် မတော်တဆ ပေါက်ကွဲခဲ့သဖြင့် သုံးဦးကျဆုံးခဲ့ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Kalay – PDF ၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“မြောက်စည်းစခန်းဆိုတဲ့ စခန်းကို ဝင်စီးတာပေါ့နော်။ ဝင်စီးတဲ့ချိန်ကိုယ့်ရဲ့လက်နက်တွေ အဆင်မပြေမှုကြောင့် ကိုယ့်ဟာကို ထိခိုက်ဒဏ်ရာရတာပေါ့။ အဲ့ထဲမှာ(ထိခိုက်ဒဏ်ရာရရှိထားသူ) စိုးရိမ်ရတဲ့ ရဲဘော်တစ်ယောက်လည်း ထပ်ပါသေးတယ်” ဟုပြောသည်။

ကျဆုံးခဲ့သည့်ရဲဘော်များမှာ ကလေးမြို့နယ်-ပကဖရဲဘော်တစ်ဦး၊ Kalay – PDF တပ်ရင်း ၆ မှ ရဲဘော်တစ်ဦးနှင့် တပ်ရင်း ၄ မှ ရဲဘော်တစ်ဦးတို့ဖြစ်ကြောင်း သူကဆက်ပြောသည်။

ကလေးမြို့မြောက်ပိုင်းရှိ ရာဇဂြိုလ်ကျေးရွာတွင်လည်း သတင်းအမှားရရှိခဲ့သဖြင့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲရန်သွားသည့် Kalay – PDF တပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း သူကဆက်ပြောသည်။

“သူတို့(စစ်ကောင်စီ)စစ်ကြောင်းထိုးလာတဲ့ဟာကို အင်ဖော်မေးရှင်းက မှားပေးတဲ့အချိန်ကြတော့ ကလေးတွေက မိုင်းကွင်းကိုသွားရင်းနဲ့ ရွာထိပ်ကို အဲ့မှာတင်ထိပ်တိုက်တွေ့ပြီး အဖမ်းခံလိုက်ရတယ်။ ပြီးတော့စာသင်ကျောင်းမှာ သူတို့သတ်သွားတယ်” ဟုပြောသည်။

အသတ်ခံခဲ့ရသည့် ရဲဘော်နှစ်ဦးမှာ ကလေးမြို့နယ် – ပကဖ ရဲဘော်နှင့် Kalay – PDF တပ်ရင်း(၁) တပ်ခွဲ ၃ မှ ရဲဘော်တို့ဖြစ်ကြောင်း သိရသည်။

ကလေးမြို့မြောက်ပိုင်းတွင် မတ်လ ၃၀ ရက်နေ့မှစတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး မတ်လ ၃၁ ရက်နေ့ နှင့် ဧပြီ ၃ ရက်နေ့တို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲကြောင့် လက်ပံချောင်းကျေးရွာ၊ မြောက်ချောကျေးရွာ၊ ချင်းစုကျေးရွာ၊ ပျဉ်းတောဦးကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မင်းလှကျေးရွာ၊ အောင်ရွာကျေးရွာ၊ ပြည်တော်သာကျေးရွာ၊ ရာဇဂြိုလ်ကျေးရွာနှင့် ဆည်ကြီးကျေးရွာတို့မှ ဒေသခံပြည်သူ နှစ်သောင်းကျော်ခန့်ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာတွင်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့က ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ချိန် PDF – Kalay တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ