ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ယမန်နေ့ညက ယာဉ်တိုက်မှု သုံးခုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာတွင် ယမန်နေ့ည ခုနှစ်နာရီခန့်က လမ်းဘေးတစ်နေရာတွင် ရပ်ထားသော တစ်သျှူးငှက်ပျောတင်သည့် တွဲကားကို တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မွန်မြတ်စေတနာလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ရပ်ထားတဲ့ တွဲကားကို ဝင်တိုက်လိုက်တာ။ ကားက ငှက်ပျောတင်တဲ့ကားလေ အဲ့ကားကို ဝင်တိုက်မိတာ။ တစ်ယောက်ကတော့ အဲ့နားမှာပဲ ဆုံးသွားတယ်။ သူက နားထင်ပွင့်သွားတာပေါ့။ အမျိုးသမီးကလည်း စိုးရိမ်ရတယ်။ မနေ့ညက ဆေးရုံကို ပို့တဲ့ထိ သတိမလည်လာသေးဘူးလေ။ နားတွေ ပါးစပ်တွေကနေ သွေးတွေထွက်တာလေ” ဟုပြောသည်။

သေဆုံးသွားသော အမျိုးသားမှာ အသက် ၃၈ နှစ်အရွယ် ဝိုင်းမော်မြို့ခံတစ်ဦးဟုသိရပြီး မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးကြောင်းသူကပြောသည်။

အလားတူ ဝိုင်းမော်မြို့နယ် ဂေါ်ဆက်ယန်ကျေးရွာနှင့် အောင်မြေ – ၁ ကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီခန့်က ယာဉ်တိုက်မှု နှစ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု သူက ဆက်ပြောသည်။

“ဝါးရှောင်ဘက် ဂေါ်ဆက်ယာန်(ရွာ)က တစ်ယောက်ကတော့ ဘေးကလူတွေပြောသံအရ အဲ့နားမှာ လူတွေလည်းပျက်တော့ ကားအဖြူတစ်စီးက တိုက်ပြေးသွားတယ်လို့လည်းပြောတယ်။ သူ့ဘာသာသူ လဲသွားတာလို့လည်း ပြောတယ်။ ဘယ်ဟာမှန်တယ်ဆိုတာတော့မသိပါဘူး။ သူလည်းစိုးရိမ်ရတယ် နောက်စိနဲ့ နားထင်ကြားကနေရာမှာ ပေါက်သွားတာ” ဟုပြောသည်။

ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော အမျိုးသားမှာ အသက် ၄၀ နှစ်အရွယ် ဂေါ်ဆက်ယာန်ကျေးရွာ ဒေသခံဟုသိရပြီး အောင်မြေ-၁ ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ရှစ်ရက်နေ့က ဝိုင်းမော်မြို့နယ် ဧရာဝဏ်စက်သုံးဆီဆိုင်အနီး ယာဉ်တိုက်မှုကြောင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Ma Di

ပုံ – မွန်မြတ်စေတနာ

 

သင့်ထင်မြင်ချက်ရေးပေးပါ