ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်မှ မေတ္တာရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကို ယမန့်နေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်းသိရသည်။

မေးမြန်းစရာရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်မှလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးကThe 74 Media ကိုပြောသည်။

“သူ့အိမ်မှာပဲ လာပြီးမှ မေးစရာရှိလို့ဆိုပြီးခေါ်သွားတာ။ မနေ့ညကတည်းက ခေါ်သွားပြီး အခုချိန်ထိအဆက်အသွယ်မရသေးဘူးလို့ပြောတယ်” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသူမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဦးမင်းအောင်ဆိုသူဖြစ်ပြီး ယွန်းလက်ဖက်ရည်ပိုင်ရှင်ဖြစ်ကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ညပိုင်းမှာ လာဖမ်းသွားတယ်။ သူတစ်ယောက်တည်းကိုပဲဖမ်းသွားတယ်။ ဘယ်နေရာမှာ ဖမ်းထားလဲက မသိဘူး။ သူတို့ စစ်တပ်ကုန်းကိုပဲဖမ်းသွားတာနေမှာပေါ့။ ယွန်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် မှော်ဝမ်းက အိမ်ကနေ ခေါ်သွားတာ” ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့ကလည်း ကျောက်စိမ်းလုပ်ကွက်တွင် ရေမဆေးကျောက်ရှာဖွေသူများနှင့် ဘက်ဟိုးမောင်းနှင်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း သိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ