မြစ်ကြီးနားမြို့ရှိ KTV တစ်ခုတွင်ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများအပါအဝင် အဖွဲ့ဝင် ၁၃ ဦး ထောင်ဒဏ် ငါးနှစ်စီ အသီးသီးချမှတ်ခံလိုက်ကြောင်း သိရသည်။

မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ်သုံးနှစ် စုစုပေါင်း ထောင်ဒဏ် ၅နှစ်စီ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဖမ်းဆီးခံရတဲ့အချိန်ကတော့ တွေ့ခွင့်မရဘူးဟုတ်တယ်။ ထောင် ၂နှစ်ချလိုက်တဲ့နောက်တော့ စားစရာတွေ ပစ္စည်းတွေပို့လို့ရပြီ။ သူတို့ဘက်က စာတောင်ပို့တာဟုတ်တယ်” ဟုပြောသည်။

အဆိုပါ KIO အဖွဲ့ဝင် ၁၃ ဦးကို မြစ်ကြီးနားအကျဉ်းထောင်တွင်း အထူးတရားရုံးတွင် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူ အမျိုးသားတစ်ဦးကပြောသည်။

“အကြမ်းဖက်ဥပဒေနဲ့ သုံးနှစ်ချလိုက်တာဟုတ်တယ်။ မိသားစုတွေနဲ့အရင်က တစ်ကြိမ် တွေ့ခွင့်ရတယ်လို့တော့သိရတယ်။ အားလုံးကျန်းမာရေးကောင်းကြပါတယ်” ဟုပြောသည်။

အဆိုပါ KIO အဖွဲ့ဝင် ၁၃ ဦးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရွှေလမ်းမရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – Fifty Two

သင့်ထင်မြင်ချက်ရေးပေးပါ