ပူတာအိုမြို့ မဂျော့ဝေါ့ကျေးရွာရှိ ဒေသခံများ သောက်သုံးရေအဖြစ် အသုံးပြုနေသော မဂျော့ဝေါ့ချောင်းသည် ရွှေတူးဖော်မူကြောင့် ရွှံ့ရေအဖြစ် ပြောင်းလဲသွားကြောင်းသိရသည်။

မဂျော့ဝေါ့ချောင်းရေသည် ယခင်က ကြည်လင်သော ချောင်းဖြစ်သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ပြီး ရွှေတူးဖော်မှုများကြောင့် လက်ရှိတွင် ရွှံ့ရေအဖြစ်ပြောင်းလဲသွာကြောင်း ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အရင်နဲ့ အခုက အများကြီးကွာခြားသွားတယ်။ သောက်ရေအဖြစ်အသုံးပြုနိုင်တဲ့ အနေထားကနေ အခုဆို သုံးရေတောင် လုပ်လို့မရတော့ဘူး၊ အရင်ကတော့နက်လည်းနက်တယ်၊ အေးလည်းအေးတော့ ကောင်ကထောင်၊ မြို့မ၊ အောက်ချိုင့်(ပူတာအိုမြို့ပေါ်ရပ်ကွက်) ကလည်း အဲ့ချောင်းမှာပဲရေချိုးကြတာ။ အခုက ဘာမှသုံးလို့မရတော့ဘူး” ဟုပြောသည်။

ရွှေတူးဖော်နေသောနေရာသည် မဂျော့ဝေါ့ချောင်းအထက်ပိုင်း ကျေးရွာနှင့် ခြောက်ဖာလုံခန့်ဝေးကြောင်း သူကဆက်ပြောသည်။

မဂျော့ဝေါ့ချောင်းသည် ရွှံ့ရေအဖြစ်ပြောင်းလဲသွားသည့်အတွက် ဒေသခံများ သုံးရေအတွက် အခက်အခဲဖြစ်နေကြောင်း အသက်သုံးဆယ်အရွယ် ဒေသခံအမျိုးသားတစ်ဦး ပြောသည်။

“ရေကတော့ အမြဲတမ်းနောက်နေတာပဲ။ ခမ်းလည်းခမ်းသွားတယ်။ ချောင်းရေကိုဖြတ်သွားလိုက်ရင်တောင် ကျောက်ခဲတောင်မနင်းမိဘူး။  ရွှံ့တွေပဲဖုံးနေတာဟုတ်တယ်။ အခုနောက်ပိုင်းတော့ရေလည်း မချိုးကြတော့ဘူး။ ရေတွင်းတွေပဲအသုံးပြုကြတယ်။ စည်ပင်ကပေးတဲ့ရေလည်းရှိတယ်။ ဒါပေမဲ့အိမ်တိုင်းတော့မရဘူး၊ အိမ်ထောင်စုသုံးပုံနှစ်ပုံလောက်ပဲရတာ”ဟုပြောသည်။

အဆိုပါချောင်းအထက်ပိုင်းတွင် အလတ်စားရွှေဆိုင်း ၁၀ ဆိုင်းထက်မနည်းရှိပြီး ရွှေတူးဖော်သူများသည် ဒေသခံများအပြင် အခြားဒေသမှ လာရောက်တူးဖော်သူများလည်း ပါဝင်ကြောင်း သူကပြောသည်။

မဂျော့ဝေါ့ချောင်းရေကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ကိုင်နေသော ပူတာအိုမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှာ ပန်းလှိုင်ရပ်ကွက်၊ ဟိုခိုရပ်ကွက်နှင့် မုဒုံကျေးရွာများဖြစ်ကြောင်းသိရသည်။

ပူတာအိုမြို့နယ်၊ မဂျော့ဝေါ့ကျေးရွာပါဝင်သော မာလူလဲ့ကျေးရွာအုပ်စုသည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ နှစ်ထောင့်ငါးရာခန့်ရှိပြီး စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေသော ကျေးရွာတစ်ခုဖြစ်သည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ