စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကချင်ပြည်နယ်ဒေသခံ အမျိုးသားတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း သိရသည်။

မိုးကောင်းမြို့၊ နန်းခွင်ကျေးရွာမှ အသက် (၂၁) နှစ်အရွယ် ကိုဝင်းမင်းထွေး (ခ) ကိုအားတီတီမှာ ပြီးခဲ့သည့် ဧပြီလ လေးရက်နေ့က ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာအနီးရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“နန်းခွင်(ရွာ)မှာဖမ်းခံရတာ မဟုတ်ဘူး။ ကျွန်းလှဘက်ကနေအပြန် လမ်းမှာ ပျူစောထီးတွေက မိထားတာလို့ပြောတယ်” ဟုပြောသည်။

ကျွန်းလှမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကိုဝင်းမင်းထွေး၏ဖုန်းတွင် PDF ဝတ်စုံ ဝတ်ဆင်ထားသည့် ဓာတ်ပုံကိုတွေ့ရှိသည့်အတွက် စစ်ကောင်စီပူးပေါင်းတပ်က ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့တွင် သတ်ဖြတ်ခဲ့ကြောင်း သေဆုံးသူမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီကလေးက PDF ကလေး။ ကျွန်းလှမှာ တာဝန်ထမ်းဆောင်တာ။ ခွင့်ရလို့ပြန်လာတာ ပြန်လာတဲ့အချိန်မှာ ဖုန်းစစ်တာ PDF ဝတ်စုံဝတ်ထားတဲ့သူ့ပုံကို သူ့ ဖေ့စ်ဘုတ်ပရိုဖိုင်းမှာ တွေ့သွားတဲ့အတွက် သတ်လိုက်တာလို့ သိရတယ်” ဟုပြောသည်။

ကိုဝင်မင်းထွေးသတ်ဖြတ်ခံရသည့်အကြောင်း မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၂၁) တပ်မှ ကိုဝင်းမင်းထွေး၏ မိသားစုထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ငါးရက်နေ့က ထုတ်ပြန်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ကိုဝင်းမင်းထွေးသတ်ဖြတ်ခံရသည့်ဖြစ်စဉ်ကို ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးရှိ စစ်ကောင်စီနှင့် ပျုစောထီးပူးပေါင်းဂိတ်များတွင် စစ်‌ဆေးရေးများ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေပြီး အဆိုပါဂိတ်များတွင် အရပ်သားပြည်သူများ ဖမ်းဆီးရိုက်နှက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများပြုလုပ်နေကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ