ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ ၁၁ ဦး လေးလခန့်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ကေအိုင်အေပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဘုန်းကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်ခဲ့သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဖမ်းဆီးခံထားရသည့် အမျိုးသမီးတစ်ဦး၏ မိခင်ဖြစ်သူက The 74 Media ကိုပြောသည်။

“ခေါ်သွားကတည်းက ခုချိန်ထိဘာအဆက်အသွယ်မှမရသေးဘူး။ တစ်ခါမှ အဆက်သွယ်မရသေးဘူး။ သေသလား၊ ရှင်သလားမသိဘဲ ကျွန်မတို့ စိတ်ပူနေကြတာပေါ့။ သတင်းအစအန တစ်စိုးတစ်စိမှကိုမရသေးတာ” ဟုပြောသည်။

ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားချိန် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဘုန်းကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေသူများကို စစ်ကောင်စီတပ်က ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည့် ဘုန်းကြီးကျောင်းကို ဒီဇင်ဘာ ၆ ရက်နေ့ညတွင် ကေအိုင်အေ ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၇ ရက်နေ့တွင် အသက်မပြည့်သူများနှင့် သက်ကြီးရွယ်အိုများကို ပြန်လွတ်ပေးပြီး ကျန်သူများကို လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာရှိ ယမ်းချက်စက်ရုံသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လယ်ပြင်ကျေးရွာရှိ ယမ်းချက်စက်ရုံမှတဆင့် စစ်ကောင်စီ၏ ဗျူဟာကုန်းသို့ ခေါ်ဆောင်သွားသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် တစ်စုံတစ်ရာသိရှိရခြင်း မရှိတော့ကြောင်း နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

“ပတ်ဝန်းကျင်ကနေကြားရတဲ့အချိန်ကြတော့ အမျိုးမျိုးဖြစ်နေတာလေ။ တကယ်တမ်းကျတော့ အဆက်သွယ်ကို မရဘူး ပျောက်နေတာ။ ယမ်းချက်ဘက်ကိုလည်း စုံးစမ်းဖို့ကလမ်းကြောင်းကမရှိဘူး။ အမျိုးသမီးလေးတွေ ပြီးတော့ သက်ကြီးရွယ်အိုက တစ်ယောက်ပါတယ်ဆို‌တော့ စိုးရိမ်ရတာပေါ့။ ကျန်းမာရေးဘာ၊ ညာလည်း ဘာမှမသိရ၊ ဘယ်နေရာမှာ ရှိမှန်းလည်းမသိတော့ ပိုပြီးစိုးရိမ်တာပေါ့” ဟုပြောသည်။

ဖမ်းဆီးခံထားရသူများတွင် အသက် ၃၃ နှစ်ခန့်အရွယ်ရှိ ဒေါ်အိမ်စည်ချို၊ အသက် ၂၇ နှစ်ခန့်အရွယ်ရှိ မဒီဒီ၊ အသက် ၂၂ နှစ်ခန့်အရွယ်ရှိ မဇင်နွယ်ဝင်း၊ အသက် ၂၃ နှစ်ခန့်အရွယ်ရှိ ဇာနီဝင်း၊ အသက် ၂၀ နှစ်ခန့်အရွယ်ရှိ မရတနာဖြူ၊ အသက် ၂၀ နှစ်ခန့်အရွယ်ရှိ မယွန်းယွန်း၊ အသက် ၃၇ နှစ်ခန့်အရွယ်ရှိ ဒေါ်ယဉ်ယဉ်မိုးတို့ပါဝင်ပြီး ကျန်လေးဦးမှာ အမျိုးသားများဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု မှော်ပုံကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်တို့ကြား ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

ဖားကန့် – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ