စစ်ကောင်စီက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ယနေ့ နံနက် ၁၀ နာရီခန့်က ‌ထောင်ဒဏ် ခြောက်နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားအကျဉ်းထောင်တွင်း အထူးတရားရုံးတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့်‌ ထောင်ဒဏ်၂ နှစ်၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် တစ်နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် သုံးနှစ် စုစုပေါင်း ထောင်ဒဏ်ခြောက်နှစ်ချမှတ်လိုက်ကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်၏ ရှေ့နေတစ်ဦးက The 74 Media ကိုပြောသည်။

“အမိန့်ချလိုက်ပြီ ခြောက်နှစ်ပေါ့နော်။ ဆရာကြီး ကျန်းမာရေးက ထွေထွေထူးထူးမရှိပါဘူး ကောင်းပါတယ်လို့။ ပုဒ်မတခြား ပြန်တိုးလာတာမျိုးတော့မရှိဘူး။ ဆရာကြီးကို ထောင်မှာပဲ ဒီအထူးတရားရုံးမှာပဲ ထောင်ဒဏ်ချမှတ်လိုက်တာ” ဟုပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်၏ ဇနီးဖြစ်သူက ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ပြီဖြစ်ကြောင်း The 74 Media ကိုအတည်ပြုခဲ့သော်လည်း သီးခြားမှတ်ချက်ပေးခြင်းမရှိပါ။

ထောင်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် တရားမျှတမှုမရှိဘဲ မတရားထောင်ဒဏ်ချမှတ်ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံ KBC အသင်းသားတစ်ဦးက သူ၏ အမြင်ကို ပြောသည်။

“စိတ်မကောင်းဘူးပေါ့။ လူမျိုးအတွက် အကျိုးပြုပြီး ကြိုးစားနေတဲ့ သူတွေကိုမှ သူတို့(စစ်ကောင်စီ)ရဲ့ ကြိုက်တဲ့ ဥပဒေထဲကို ဆွဲသွင်းပြီး မတရားသဖြင့် ချမှတ်လိုက်တာဆိုတော့ စိတ်မကောင်းမိပါဘူး” ဟုပြောသည်။

ပြီးခဲ့သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ဒေါက်တာခလမ်ဆမ်ဆွန်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ‌ဆေးကုသမှုခံယူရန် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သိက္ခာတော်ဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အတွင်းရေးမှူးအဖြစ် ၈ နှစ်၊ ဥက္ကဌအဖြစ် လေးနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်လည်း KBC ၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းခံရသူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က လူနည်းစုတိုင်းရင်းသားများအပေါ် စစ်ကောင်စီက ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်မှုနှင့် ပတ်သက်ပြီး ဒေါက်တာ ခလမ်ဆမ်ဆွန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား တင်ပြချက်အပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အမှုပြန်လည်ရုပ်သိမ်းခဲ့သည်။

သတင်း – Ma Di

ပုံ – KBC kachin

 

သင့်ထင်မြင်ချက်ရေးပေးပါ