ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ကျေးရွာ သုံးရွာကို တိုက်လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် နေအိမ်စုစုပေါင်း ခြောက်ဆယ်ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

စီသောင်ကျေးရွာနှင့် တုံးကောက်ကျေးရွာကို ယမန်နေ့ နေ့လယ် ၃နာရီခန့်နှင့် ၅နာရီခန့်က တိုက်လေယာဉ်နှစ်စီးဖြင့် သုံးကြိမ်တိုင်လာရောက်ဗုံးကြဲခဲ့ကြောင်း ရွှေကူမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“တိုက်လေယာဉ်နှစ်စီးနဲ့လာပြီးတော့ တုံးကောက်ရွာနဲ့ စီသောင်ရွာကိုကြဲသွားတာ။ ကြဲသွားပြီး ပြန်သွားပြီးတော့ ညနေ ၅နာရီကျော်လောက်မှာ တုံးကောက်ကိုပြန်ကြဲသွားတာ”ဟုပြောသည်။

တိုက်လေယာဉ်ဖြင့် ဗုံးကြဲခံရမှုကြောင့် အဆိုပါကျေးရွာနှစ်ရွာမှ နေအိမ်အလုံးလေးဆယ်ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၅ရက်နေ့က စီသော်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် နေအိမ်အလုံး၂၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လက်နက်ကြီးနဲ့ရွာထဲပစ်နေတော့ လောင်ကုန်တာပေါ့။ လယ်ကွင်းထဲကျလည်း ကျတဲ့နေရာ မီးလောင်နေတယ်။ မီးကျည်နဲ့ပစ်တာထင်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် စီသာကျေးရွာ၊ စီသောင်ရွာနှင့် တုံးကောက်ရွာမှ ဒေသခံနေအိမ် ခြောက်ဆယ်လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ရွှေကူမြို့အရှေ့ပိုင်း၊ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ရင်း(၃)နယ်မြေတွင် ရွှေကူပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၁၀)၊ ခလရ (၇၇)နှင့် ခလရ (၈၈)ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားသည်မှာ ၁၆ရက်ခန့် ကြာမြင့်ပြီဖြစ်သည်။

တိုက်ပွဲများကြောင့် ရွှေကူမြို့အရှေ့ပိုင်းရှိ ကျေးရွာ ၃၀ ကျော်မှ ဒေသခံငါးထောင်ကျော်မှာ ရွှေကူမြို့၊ ဗန်းမော်မြို့နှင့် အခြားကျေးရွာများတွင် စစ်ရှောင်နေရကြောင်း သိရသည်။

တိုက်ပွဲကာလအတွင်း မံဝိန်းရွာ၊ စီမူလေးရွာနှင့် စီမူကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိမ်ခြေတစ်ထောင်ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၁၉သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကျေးရွာအုပ်စု ၂၆စုရှိပြီး ကျေးလက်နေအိမ်ထောင်စု တစ်သောင်းခွဲခန့်ရှိသည်။

သတင်း- Yu San

ဓာတ်ပုံ- Shwe Gu People Defense Force

သင့်ထင်မြင်ချက်ရေးပေးပါ