စစ်ကောင်စီတပ်က နှိပ်စက်သတ်ဖြတ်ခဲ့သော ပြည်သူနှစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ နံနက်က ကလေးမြို့မြောက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် ကလေးပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သော ပျဉ်းတောဦးကျေးရွာကို နယ်မြေရှင်းလင်းရေးပြုလုပ်ချိန် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“နှိပ်စက်ပြီးတော့ သတ်သွားတာပေါ့။ အသတ်ခံရတဲ့နေ့ကိုက ကျွန်တော်တို့ အတည်ပြုလို့မရသေးဘူးဗျ။ ဒီနေ့ မနက်ကိုပျဉ်းတောဦးရွာကို နယ်မြေရှင်းလင်းရေးလုပ်တဲ့ချိန်မှာတွေ့တာပေါ့။ အချိန်ကတော့ ပြောရခက်တယ်” ဟုပြောသည်။

ကျဆုံးသွားသောရဲဘော်မှာ People Defense Army – PDA(Tedim) မှဖြစ်ကြောင်း သိရသည်။

 

ဧပြီ ၃ ရက်နေ့ကလည်း ကလေးမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) လက်အောက်ခံ အမှတ်(၂၂၈) ခြေလျင်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် ဘုရားကျောင်းနှစ်ကျောင်း ပျက်စီးခဲ့ကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လေကြောင်းဝင်တဲ့ နောက်အခေါက်သိတယ်မို့လား။ အဲ့မှာ မြေပြင် ဝေဟင်ရယ် မြို့ထဲက လက်နက်ကြီး တွေအဆက်မပြတ်ထုတာ။အဲ့တုန်းက လက်နက်ကြီးကျပြီး မီးလောင်ကုန်တာ” ဟုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် ဘုရာကျောင်းများမှာ ပျဉ်းတောဦးကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်းဖြစ်ကြောင်းသိရသည်။

ကလေးမြို့မြောက်ပိုင်းတွင် မတ်လ ၃၀ ရက်နေ့မှစတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေပြီး မတ်လ ၃၁ ရက်နေ့ နှင့် ဧပြီ ၃ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲကြောင့် လက်ပံချောင်းကျေးရွာ၊ မြောက်ချောကျေးရွာ၊ ချင်းစုကျေးရွာ၊ ပျဉ်းတောဦးကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မင်းလှကျေးရွာ၊ အောင်ရွာကျေးရွာ၊ ပြည်တော်သာကျေးရွာ၊ ရာဇဂြိုလ်ကျေးရွာနှင့် ဆည်ကြီးကျေးရွာတို့မှ ဒေသခံပြည်သူ နှစ်သောင်းကျော်ခန့်ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာတွင်လည်း ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၃ ရက်နေ့က ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF – Kalay တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ