မြန်မာပြည်မြောက်ဘက်အစွန်ဆုံးဖြစ်သော ပန်နန်းဒင်မြို့နယ်ခွဲမှ ထလာထုကျေးရွာနှင့် ဒဇုံကျေးရွာတွင် လမ်းခရီးအခက်အခဲကြောင့် ဆန်တစ်အိတ်လျှင် ကျပ်သုံးသိန်း‌ကျော်ပေးဝယ်ရကြောင်းသိရသည်။

ထလာထုကျေးရွာနှင့် ဒဇုံကျေးရွာမှဒေသခံများသည် ဆန်ဈေးကြီးသောကြောင့် ထမင်းကိုတစ်ရက်လျှင် တစ်နပ်သာ စားသုံးနေကြောင်း ဒဇုံကျေးရွာမှ ဓမ္မအမှုတော်ဆောင်တစ်ဦးက The 74 Media ကိုပြောသည်။

“ထမင်းကတော့ တစ်ရက်ကို တစ်နပ်လောက်ပဲစားနိုင်တယ်၊ မနက်ပိုင်းမှာစားရင်တော့ ညနေပိုင်းမှာတော့ မစားတော့ဘူး၊ ဒေသအတွင်းမှာ ပွဲတွေလုပ်ရင်တောင် ပြောင်းဖူးနဲ့ဆန်ရောပြီးချက်တဲ့အချိန်လည်းရှိတယ်။ ဆယ်လပိုင်းကနေ လေးလပိုင်းကုန်ထိတော့ တစ်နှစ်စာအတွက် စားနပ်ရိက္ခာတွေ စုဆောင်းကြတယ်၊ တခြားရာသီတွေတော့မရဘူး၊ မိုးရွာလို့လမ်းမကောင်းတဲ့အခါကြတော့ မြေပြိုတာတို့၊ သစ်ပင်တွေလှဲတာတို့၊ ရေကြီးတာတို့ရှိတယ် အန္တရာယ်များလို့ မသွားကြတာဟုတ်တယ်”ဟုပြောသည်။

တောင်ယာလုပ်ငန်း လုပ်ကိုင်သူများရှိသော်လည်း အအေးပိုင်းဒေသဖြစ်သောကြောင့် စပါးမဖြစ်ထွန်းဘဲ ဝမ်းရေးအတွက် ရေခဲတောင်မှဆေးမြစ်များ ရှာဖွေရောင်းချပြီး ဆန်ပြန်ဝယ်ယူကြကြောင်း သူကပြောသည်။

ဒေသခံများသည် ဆန်အစား ပြောင်း၊ ဂျုံ၊ အားလူးနှင့် ဖဝါစသည့်ဒေသအစာများ စိုက်ပျိုးကြကြောင်း အသက်သုံးဆယ်အရွယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“တစ်ခါတလေဆန်ပြတ်သွားရင်တော့ ဒေသစာတွေဖြစ်တဲ့ ပြောင်းဖူးတို့ အာလူးတို့စားကြပါတယ်။ ဒါပေမဲ့ လူကြီးတွေ၊ ကလေးတွေအတွက်က အ‌မြဲတမ်းတော့ အဆင်မပြေဘူး။ ထလာထုထိနဲ့ဒဇုံက လမ်းလည်းအရမ်းခက်တယ်။ ဆိုင်ကယ်လမ်းလည်းမပေါက်ဘူး၊ ဘာပဲဖြစ်ဖြစ် ခေါင်းနဲ့ပဲထမ်းရတယ်။ လမ်းကလည်း လူသွားလမ်းဆိုပေမယ့် အရမ်းခက်ခက်ခဲခဲသွားရတယ်” ဟုပြောသည်။

ကျပ်သုံးသိန်းကျော်ပေးဝယ်ရသော ဆန်မှာ ငွေတိုးနှင့် ပူတာအိုဒေသထွက် ဆန်များဖြစ်ပြီး ယခင်နှစ်မှစတင်ကာ ဆန်ဈေးမြှင့်တက်လာကြောင်းကို ဒေသခံများထံမှသိရသည်။

လက်ရှိအချိန်တွင် ပန်နန်းဒင်မြို့မှ ထလာထုကျေးရွာနှင့် ဒဇုံကျေးရွာအထိ ဆန်တစ်အိတ် ထမ်းခ နှစ်သိန်းကျော်ခန့်ပေးရကြောင်းသိရသည်။

ထလာထုကျေးရွာနှင့် ဒဇုံကျေးရွာရှိ ခက်ခဲသည့် အိမ်ထောင်စုအချို့မှာ ဆန်အစား ဒေသထွက်အစားအစာများကိုသာ စားသုံးနေကြောင်းသိရသည်။

အဆိုပါကျေးရွာနှစ်ရွာမှ ထလာထုကျေးရွာသည် ယခင်နှစ် မတ်လက မီးမတော်တဆမှုကြောင့် ရွာလုံးကျွတ်မီးဘေးသင့်ခဲ့ရပြီး ယခုချိန်အထိ စားဝတ်နေရေး အခက်ခဲများစွာရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ထလာထုကျေးရွာနှင့် ဒဇုံကျေးရွာပါဝင်သော ပန်နန်းဒင်မြို့နယ်ခွဲသည် ၂၀၁၄ သန်းခေါင်းစာရင်းအရ အိမ်ထောင်စု နှစ်ရာခြောက်ဆယ်ကျော်ခန့်ရှိကာ လူဦးရေ တစ်ထောင်ရှစ်ရာကျော်ခန့်ရှိပြီး ဝမ်းရေးအတွက် ရေခဲတောင်များတွင် သဘာဝဆေးမြစ်များ ရှာဖွေရောင်းချသည့် လုပ်ငန်းကိုအဓိက လုပ်ကိုင်ကြသည်။

သတင်း – Dureng

ပုံ – A Dee ram

 

သင့်ထင်မြင်ချက်ရေးပေးပါ