စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဝက်လက်မြို့နယ်မှ တော်လှန်ရေး ရဲဘော်ခြောက်ဦး ယမန်နေ့ နံနက် ကိုးနာရီခွဲခန့်က ကျဆုံးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးရဲဘော်ခုနှစ်ဦး မိုင်းဆွဲတိုက်ခိုက်ရန်ပြင်ဆင်နေစဉ် လက်နက်နက်ကြီးထိမှန်သဖြင့် ခြောက်ဦးကျဆုံးကာ ကျန်တစ်ဦး လွတ်မြောက်ခဲ့သည်ဟု ရွှေဘိုခရိုင် တပ်ရင်း ၂၃၏ တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က စစ်ကြောင်းက (V Shape) ဗွီလို ပုံစံထိုးလာတဲ့အခါတော့ သူတို့က ပင်မစစ်ကြောင်းကိုပဲမြင်တာ။ ဘယ်ညာထိုးလာတဲ့ စစ်ကြောင်းကို မမြင်လိုက်ဘူးပေါ့‌နော့်။ အဲ့ဘယ်ညာထိုးလာတဲ့ စစ်ကြောင်းနဲ့တွေ့တာ။ အဲ့ပင်မစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန် ဘယ်ညာကအဖွဲ့ကို မတွေ့လိုက်တာပေါ့နော်” ဟုပြောသည်။

ကျဆုံးသွားသော ရဲဘော်များသည် အသက် ၃၅ ခန့် အရွယ် ရဲဘော် ကိုကြည်ခိုင်၊ ရဲဘော် ကိုအောင်နိုင်၊ ရဲဘော် ကိုလုံးဖြစ်ပြီး အခြား ရဲဘော် သုံးဦးသည် မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးကြောင်း သူကပြောသည်။

ဝက်လက်မြိုန့ယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၃၆၄) နှင့် တပ်မ (၃၃) စစ်ကြောင်းကို ယမန်နေ့ နံနက် ခုနှစ်နာရီက စိုင်နိုင်ကြီးကျေးရွာနှင့် စိုင်နိုင်လေး ကျေးရွာကြား လယ်တောတွင် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များ၏ ပဒေသာမိုင်း ၁၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့သည်ဟု သူက ဆက်ပြောသည်။

ထို့နောက် အဆိုပါစစ်ကြောင်းသည် ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန်တွင်ပဒေသာမိုင်း သုံးလုံးဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိဒ္ဓိရှင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ခံ တစ်ဦးက ပြောသည်။

“စိုင်နိုင်ကြီးကျေးရွာကိုကူးလာပြီး စစ်ကြောင်းထိုးလာတယ်‌ပေါ့နော်။ အဲ့ချိန်မှာ ကာကွယ်ရေးအဖွဲ့တွေကနေပြီး မိုင်းဆွဲတိုက်ကြတယ်ပေါ့။ ကျွန်တော်တို့အတည်ပြုနိုင်တာကတော့ သေဆုံးတာကတော့‌ ကောင်းကောင်းအတည်မပြုနိုင်ပါဘူးဗျ။ ထိခိုက်ဒဏ်ရာရတာကတော့ အတည်ပြုနိုင်ပါတယ်ဗျ။ ဘာလို့ဆိုရင် မျက်မြင်ကိုယ်တွေ့ပေါ့နော်” ဟုပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်ကို သိဒ္ဓိရှင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Super Light တပ်ခွဲ၊ ဇာမဏီသွေးပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ဒေါင်းတမာန်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အောင်ဘော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းလေး Local PDF၊ Buffalo Solider Local PDF၊ အောင်မြေပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပန်းပျိုးလက်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပျံလွှားတိုက်နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့၊ ပျံလွှားတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုခရိုက်တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ်ရင်း ၂၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာတွင် လူဦးရေ သုံးထောင်ခန့်နှင့် စိုင်နိုင်လေးကျေးရွာတွင် လူဦးရေ တစ်ထောင်ခန့်ရှိပြီး စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလက စစ်ကိုင်တိုင်း ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ဝင်ရောက်စီးနင်းရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် ခုနှစ်ဦးကျဆုံးခဲ့သည်။

သတင်း – Ma Di

ပုံ – fifty two

သင့်ထင်မြင်ချက်ရေးပေးပါ