စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မင်းကုန်းကျေးရွာအနီးတွင် ယမန်နေ့ ညနေလေးနာရီခန့်က အရပ်သားအမျိုးသားနှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အင်အားလေးဆယ်ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ရွှေဘိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာချိန်တွင် ချီပါကျေးရွာမှ ဒေသခံနှစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရွှေဘိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့ (စစ်ကောင်စီတပ်)တွေက ထိခိုက်ဒဏ်ရာရတဲ့ နှစ်ယောက် (စစ်ကောင်စီတပ်ဖွဲ့ဝင်)ကို စောင်ပုခက်နဲ့ထမ်းပြီးတော့ ချီပါ(ရွာ)ဘက်ကိုပြန်တာ။ အဲ့ဒါကို ချီပါရွာဘက်က စစ်ဘေးရှောင်တွေကမသိဘူး။ သူတို့က စစ်ကောင်စီနောက်ကြောင်းပြန်ခေါက်လာတာကို မသိဘဲရွာထဲပြန်ဝင်တော့ ရွာထဲမှာထိပ်တိုက်တွေ့ပြီး ဖမ်းခံလိုက်ရတယ် ” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် အဆိုပါဒေသခံနှစ်ဦးကို ဖမ်းဆီးသွားပြီးနောက် ရွှေဘိုမြို့အဝင် မင်းကုန်းတံတားအနီးတွင် ပစ်သတ်ခဲ့သည်ဟု ချီပါကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ရွာသားနှစ်ယောက်ကို ခေါ်သွားတာ။ ကျွန်တော်တို့ကတော့ မလုပ်လောက်ဘူးထင်တာပေါ့။ တကယ်တမ်းကျ ပစ်သတ်ထားခဲ့တာ” ဟုပြောသည်။

၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့ နေ့လယ် ၁၂ နာရီတွင် မီးရှို့သင်္ဂြိုဟ်ခဲ့ကြောင်း သူကဆိုသည်။

ပစ်သတ်ခံရသူနှစ်ဦးမှာ အသက် ၃၅ နှစ်အရွယ် ဦးကျော်မျိုးနှင့် အသက် ၅၅ နှစ်အရွယ် ဦးဘိုဘိုအောင်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ ရင်ဘတ်တွင် ကျည်ဒဏ်ရာများတွေ့ရှိရသည်ဟု သိရသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်ခွာချိန်တွင် ရွှေဘိုမြို့၊ ကန်တော်ရိုးကျေးရွာ လမ်းဘေးရှိ ဒေသခံနေအိမ် ဆယ်လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာအုပ်စု ၇၂စုရှိပြီး လူဦးရေနှစ်သိန်း ခုနှစ်သောင်းကျော်နေထိုင်သည်။

ပြီးခဲ့သည့် မတ်လ ၂၁ရက်နေ့က ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က စနိုက်ပါဖြင့် အရပ်သားများနေထိုင်ရာ လယ်တဲများဘက်သို့ ပစ်ခတ်သည့်အတွက် အသက်၅၃နှစ်အရွယ် ဒေါ်စန်းနုဆိုသူမှာ လည်ပင်းကျည်ထိမှန်ပြီး သေဆုံးခဲ့သည်။

သတင်း – Yu San

ဓါတ်ပုံ – ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ