မံစီမြို့နယ် ဒိန်ဆိန်းပါဒေသတွင် မြေရှားတူးဖော်ရေးလုပ်ငန်းများကို ကန့်ကွက်နေသည့် ဒေသခံပြည်သူများကို ပစ်ခတ်တားဆီးရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) က အမိန့်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်ခဲ့ပြီး ကချင်လူထုအကြား ဝေဖန်မှုများမြင့်တက်နေသည်။

ဒေသခံပြည်သူများ မြေရှားတူးဖော်ကန့်ကွက်ရေးလှုပ်ရှားမှုပြုလုပ်ပါက ပစ်ခတ်တားဆီးရန် KIO/KIA ဥက္ကဋ္ဌက ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က အမိန့်ပေးခဲ့ကြောင်း အင်ဘာပါဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“အဲ့ဒီနေ့ ကုမ္ပဏီဝင်းကို သွားဖြိုတဲ့နေ့မှာ ပြည်သူတွေကို ပစ်ဖို့ ဒူကဘာအင်ဘန်လက အမိန့်ပေးတာ။ တနင်္ဂနွေနေ့တုန်းကလည်း ဘုရားကျောင်းမှာ ပစ်မိန့်ပေးထားတယ်ဆိုပြီး ဝတ်ပြုတဲ့အစီအစဉ်မှာ ဆရာက ပြောတယ်” ဟု သူက ပြောသည်။

ဒိန်ဆိန်းပါကျေးရွာနှင့် အနီးအနားရှိကျေးရွာရှိ ဒေသခံပြည်သူ တစ်ထောင်ခန့် ကျိန်းလပ်ပါရှိ မြေရှားသတ္တုတူးဖော်ရေးပစ္စည်းများ သိုလှောင်ထားရာနေရာ၊ သတ္တုတူးဖော်ရေးကုမ္ပဏီဝန်ထမ်းများ နေထိုင်သော မိုးကာတဲတန်းလျားကို မတ်လ ၂၁ ရက်နေ့တွင် အင်အားသုံး သွားရောက်ဖြိုချခဲ့စဉ်တွင် ပစ်ခတ်တားဆီးရန် အမိန့်ပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ပြည်သူကို ပစ်မိန့်ချမှတ်သည့် ခေါင်းဆောင်ကို ခေါင်းဆောင်နေရာမှ ထုတ်ပယ်သင့်ပြီး အမိန့်ချမှတ်သည့်အပေါ် အသိအမှတ်မပြုကြောင်း မြေရှားသတ္တုတူးဖော်ရေး ကော်မတီခေါင်းဆောင်တစ်ဦးက ပြောသည်။

“သူအဲ့ဒီလို အမိန့်ချမှတ်တာကို ကျွန်တော်တို့ အတိအကျ အတည်ပြုပြီးသား ဖြစ်တယ်။ ဒါက ကေအိုင်အိုရဲ့လုပ်ငန်းမဟုတ်ဘူး။ တစ်ဦးတစ်ယောက်ရဲ့ လုပ်ငန်းပဲ ဖြစ်တယ်။ ကျွန်တော်တို့ ကော်မတီဝင်တွေအနေနဲ့တော့ ဘယ်လိုပဲ ပြောလာလာ၊ အသိအမှတ်မပြုတော့ဘူး။ ကျွန်တော်တို့ ဒေသမှာ မြေရှားသတ္တုတူးဖော်တဲ့လုပ်ငန်း မလုပ်ရင်ရပြီ၊ ဒါပဲ။ ပြည်သူကို ပစ်ခတ်မယ်ဆိုတဲ့ ခေါင်းဆောင်က ဘယ်လိုမှ ခေါင်းဆောင်ဆက်လုပ်လို့ မရတော့ဘူးလို့ပဲ မြင်မိတယ်” ဟု သူက ပြောသည်။

လက်ရှိအချိန်တွင် ဒိန်ဆိန်းပါဒေသရှိ ပြည်သူများ၏ မြေရှားသတ္တုတူးဖော်ရေးကန့်ကွက်သည့် လုပ်ငန်းစဉ်များကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ညွှန်ကြားချက်အရ ခေတ္တရပ်တန့်ထားကြောင်း ဒေသခံများက ဆိုသည်။

ပြည်သူများကို ပစ်ခတ်မိန့်ပေးသည့် ခေါင်းဆောင်သည် ပြည်သူ့ရန်သူသာ ဖြစ်ကြောင်းနှင့် KIO/KIA အဖွဲ့တွင် ပါဝင်နေသူများအနေဖြင့် အမှားအမှန်ဆန်းစစ်သုံးသပ်သင့်သည်ဟု ကချင်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

“KIO/KIA အင်စတီကျူးရှင်း (အဖွဲ့အစည်း) တစ်ခုလုံးမှာ ပါဝင်နေတဲ့သူတွေလည်း ဆန်းစစ်တွေးတောပြီးတော့ ကိုယ့်ရဲ့ခေါင်းဆောင်ကို သတိပေးသင့်တာ၊ သတိပေးရမယ်။ ပြည်သူတွေကို ပစ်မိန့်ပေးတယ်ဆိုတာ မှားသလား၊ မှန်သလားဆိုတာ ပြောရမယ်။ အထက်လူကြီးက အမိန့်နဲ့ပြောတိုင်း လိုက်မလုပ်သင့်ဘူးလို့ မြင်မိတယ်” ဟု သူက ပြောသည်။

KIO/KIA က ပြည်သူများကို ပစ်ခတ်တားဆီးရန် အမိန့်ပေးခဲ့ခြင်းရှိ၊ မရှိအတည်ပြုနိုင်ရန် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ သတင်းနှင့် ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူထံ The 74 Media က ဆက်သွယ်မေးမြန်းခဲ့ရာ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ပြဿနာများကိုဗဟိုကော်မတီအဆင့်ဆင့်ဖြင့် ဖြေရှင်းနေဆဲဖြစ်ပြီး ဥက္ကဋ္ဌက ပြည်သူများကို ပစ်မိန့်ပေးခြင်း ရှိ၊ မရှိကို မသိရှိကြောင်း ပြောသည်။

“ဒီပြဿနာနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ကြားလည်း မကြားမိဘူး။ ပစ်မိန့်ပေးတယ်ဆိုတာလည်း မကြားဘူး။ အဲ့နည်းတူပဲ KIO ရဲ့ ကိုယ်စားအနေနဲ့လည်း ကျွန်တော့်ဘက်က ဘာမှမပြောနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းတာလည်း ကော်မတီအဆင့်ဆင့်ရှိတယ်။ ကျွန်တော်တို့ ဗဟိုကော်မတီအဆင့်မှာတောင် ဖြေရှင်းလို့မပြီးသေးဘူး” ဟု သူကပြောသည်။

မြေရှားသတ္တုတူးဖော်သည့် လုပ်ငန်းခွင်ကို ဒေသခံများက သွားရောက်ဖျက်ဆီးခဲ့သော်လည်း ကုမ္ပဏီအလုပ်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နှစ်ရက်အကြာတွင် ပြန်လည်ပြင်ဆင်ကာ ယခုချိန်ထိ နေထိုင်နေကြောင်း သိရသည်။

မံစီမြို့နယ် ဒိန်ဆိန်းပါဒေသတွင် မြေရှားသတ္တုတူးဖော်သည့်ကုမ္ပဏီများက မြေများကို စမ်းသပ်မှု ပြုလုပ်မည်ဟုဆိုကာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က ဒိန်ဆိန်းပါကျေးရွာသို့ ဝင်ရောက်လာခဲ့သည်ဟု သိရသည်။

အဆိုပါစီမံကိန်းကို ဒေသခံပြည်သူများက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သော်လည်း ယနေ့ချိန်ထိ ထွက်ခွာခြင်း မရှိသေးဘဲ ဒေသခံများနှင့် ကုမ္ပဏီနှင့်လုံခြုံရေးယူပေးသည့် KIO/KIA တပ်ဖွဲ့များအကြား တင်းမာမှုများရှိနေဆဲဖြစ်သည်။

သတင်း – Pan Soon

ဓါတ်ပုံ – မြေရှားသတ္တုတူး‌ဖော်မှုကန့်ကွက်‌ရေး ကော်မတီ

 

သင့်ထင်မြင်ချက်ရေးပေးပါ