ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေသည့် မြဝတီမြို့နယ်မှ ဒေသခံအချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ ထီးကောထောကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေသဖြင့် အနီးရှိကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ရွှေကုက္ကိုလ်မြို့သစ်နေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရွှေကုက္ကိုရွာသူရွာသားတွေကတော့ တချို့တစ်ဝက်ထိုင်းဘက်ကိုရောက်နေတဲ့ သူတွေရှိတယ် ကျောက်ဖျာဘက်ကတွေလည်း ရှိကြတယ်ဗျ။ ။ တချို့တစ်ဝက်က ရွာထဲမှာပဲ နေနေတဲ့သူတွေရှိတယ်။ ထိုင်းနဲ့ မြန်မာကချောင်းပဲခြားတယ်လေ။ တိုက်ပွဲဖြစ်တဲ့ချိန် တစ်နာရီ နောက်ပိုင်းက လက်နက်ကြီးသံတွေကြားရတယ်။ ခုကတော့ ဘာသံမှတော့မကြားရတော့ဘူး” ဟုပြောသည်။

ယနေ့ နံနက် ၁၁ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦး ပြောသည်။

“လေယာဉ်နဲ့လာပစ်သွားတယ်။ ဘယ်နားမှာလဲတော့ မသိဘူး။ ညီမတို့လည်းထွက်မကြည့်ဘူး အိမ်ထဲကနေပြီး ကိုယ့်ကိုပါရောယောင်ပြီး ပစ်ထည့်သွားမှာစိုးလို့။ ဘုန်းကြီးကျောင်းမှာလည်းလူတွေလည်းမရှိတော့ဘူး။ ကိုရင်တွေလည်းမရှိတော့ဘူး။ အကုန်ပြေးကုန်ပြီ” ဟုပြောသည်။

ရွှေကုက္ကိုလ်တိုက်ပွဲအတွင်း နှစ်ဖက် အထိအခိုက်များရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း The 74 Media အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

အာရှလမ်းမပေါ်တွင် ယမန့်နေ့ကလည်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာရှလမ်းမကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့ သင်္ကန်းညီနောင် စစ်ကောင်စီဗျူဟာကုန်းနှင့် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ ဌာနဆိုင်ရာ ရုံးကုန်းများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းနှင့် စစ်ကောင်စီ၊ လက်အောက်ခံ နယ်ခြားစောင့်တပ် – BGF ပူးပေါင်းတပ်တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး မြဝတီ အာရှလမ်းမကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ကလည်း မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ကန်းညီနောင်ရဲစခန်း၊ စစ်ကောင်စီတပ်ရင်း (၂၇၅) နှင့် (၃၅၅) တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က တစ်ပြိုင်နက်တည်း သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများတွင် ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးခန့်သေဆုံးခဲ့ပြီး ဒုရဲမှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ တပ်ကြပ်နှစ်ဦး၊ ဒုတပ်ကြပ်နှစ်ဦး၊ တပ်သားတစ်ဦးနှင့် ဒုတပ်ကြပ်၏ ဇနီးအပါအဝင် စုစုပေါင်း ရှစ်ဦးကို သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

 

သင့်ထင်မြင်ချက်ရေးပေးပါ