စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးကို စစ်ကောင်စီတပ်က ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ သုံးရက်နေ့က အင်းတော်မြို့ခံ CDM ကျောင်းဆရာမ ဒေါ်သိန်းလှ၊ ဈေးသည်နှစ်ဦးဖြစ်သည့် ဒေါ်ခင်ပြည့်ပြည့်ထွန်းနှင့် ဒေါ်အေးအေးတို့ကို အင်းတော်စစ်ခုံရုံးတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်ဟု Indaw Revolution- IR ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အင်းတော်မြို့ထဲမှာဖမ်းခံလိုက်ရတဲ့ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်) နှစ်ယောက်နဲ့ ဆက်စပ်ပြီး အဲ့နေ့ညနေပိုင်းမှာပဲ နေအိမ်နဲ့ဈေးထဲမှာ ဖမ်းခံလိုက်ရတာ” ဟုပြောသည်။

အဆိုပါအမျိုးသမီးသုံးဦးသည် ပြီးခဲ့သည့် မတ်လ (၅) ရက်နေ့က အင်းတော်မြို့တွင် ဖမ်းဆီးခံလိုက်ရသော ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခဲ့ရပြီးနောက် နောက်ဆက်တွဲဖမ်းဆီးခံရသူများဖြစ်သည်။

ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံခဲ့ရသည့် ကျန်တစ်ဦးမှာ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာမှ အသက်၂၄ နှစ်အရွယ် ကိုအေးမင်းထွန်းဆိုသူဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ထောင်ဒဏ်တစ်သက်ချမှတ်ခံခဲ့ရသည်ဟု နတ်မဟုတ်ကြီးကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူက (ဖမ်းဆီးခံရသူ) နားရခေါင်ရွာကားလမ်းပေါ်မှာလာတဲ့ ကား၊ ဆိုင်ကယ်တွေကို စစ်တဲ့နေ့ (မတ်လ ၅ ရက်နေ့) မှာဖမ်းခံရတာ။ အဲ့နေ့တုန်းက စစ်ကောင်စီတပ်တွေက ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်နဲ့စစ်နေတာကို မသိဘဲ PDF တွေထင်ပြီး မေးမိလို့ ဖမ်းခံရတာ” ဟုပြောသည်။

စစ်ကောင်စီတပ်ကို PDF တပ်ဖွဲ့ဟု ထင်မှတ်ပြီး PDF တပ်ရင်း (၆) တည်ရှိသည့်နေရာကို မေးခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့ လေးဦးစလုံးကို PDF ထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)သည် အနည်းဆုံးထောင်ဒဏ် သုံးနှစ်မှ ဆယ်နှစ်ထိချမှတ်နိုင်ပြီး ၅၀ (ည) သည် အနည်းဆုံးထောင်ဒဏ် ဆယ်နှစ်မှ တစ်သက်တစ်ကျွန်းထိချမှတ်နိုင်သည့် ဥပဒေဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ရက်နေ့ကလည်း အင်းတော်မြို့၊ စစ်ကောင်စီခုံရုံးတွင် အသက် ၂၇နှစ်အရွယ် အင်းတော်ဒေသခံ ကိုမင်းမင်းဦးကို ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – Fifty Two၊ Indaw Revolution-IR

သင့်ထင်မြင်ချက်ရေးပေးပါ