ဖားကန့်မြို့နယ်တွင် မတ်လတစ်လအတွင်း သတ်ဖြတ်ခံရသူအရေအတွက် ယခင်လကထက် မြှင့်တက်လာပြီး ပြည်သူ ၂၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် သတ်ဖြတ်ခံရသည့်ပြည်သူ ခြောက် ဦးခန့်ရှိခဲ့ရာမှ မတ်လတွင် ၁၂ ဦးအထိ မြင့်တက်လာပြီး လက်နက်ကိုင်အဖွဲ့အချင်းချင်းလုပ်ကြံသတ်ဖြတ်မှု၊ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများလုပ်ကြံသတ်ဖြတ်ခံခဲ့ရမှု အများအပြားဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြည်သူသတ်ဖြတ်ခံရမှုများပြားလာသည့်အပြင် စစ်ကောင်စီတပ်ကလည်း အစစ်အဆေးတင်းကြပ်နေသောကြောင့် သွားရေးလာရေးအတွက် အခက်အခဲဖြစ်နေသည်ဟု ဖားကန့်မြို့ ဒေသခံအမျိုးသားတစ်ဦးက The 74 Meida ကိုပြောသည်။

“မြို့ဝင်မြို့ထွက်ဆိုလို့ရှိရင်လည်း ခါတိုင်းလို လွတ်လွတ်လပ်လပ်သွားတယ် ဆိုလို့ရှိရင် ဈေးဝယ်ဘာညာလေးတွေ အရောင်းအဝယ်လေးတွေသွားတာတောင်မှ ဂိတ်မှာ ဘာစစ်တယ်တဲ့ မှတ်ပုံတင်စစ်တယ်တဲ့၊ တစ်ခါတစ်လေ ဖုန်းနံပါတ်တွေ စစ်တယ်တဲ့ နောက်ပြီး လူလိုင်စင်တွေကားလိုင်စင်တွေ စစ်တယ်ဆိုတော့ သွားလာရတာ အခါတိုင်းလို မလွတ်လပ်တော့ဘူး” ဟုပြောသည်။

တရားဥပဒေစိုးမိုးမှုမရှိသောကြောင့် လူသတ်မှုနှင့် လုယက်မှုများ နေ့စဉ်ဖြစ်ပွားနေသဖြင့် စိုးရိမ်မှုများရှိကြောင်း သူကဆက်ပြောသည်။

“ဖြစ်ချင်တိုင်းဖြစ်နေကြတာပဲလေ။ အရင်ကဆိုညနက်သန်းခေါင်မှ ခုဆိုလို့ရှိရင်က တစ်ခါတစ်လေ မနက် ၅ နာရီ ၆ နာရီလိုဆိုရင် အဲ့လိုသတင်းတွေ ထွက်ထွက်လာတာ။ ရိုးရိုးတောင်လုယက်တာမဟုတ်ဘူး၊ ဓားပါတော့ ဓားနဲ့ ဇွပ်ဇွပ်ဆိုလုပ်သွားတာတွေ အဲ့ဒါမျိုးတွေလည်းခံရတာပါပဲ” ဟုပြောသည်။

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာတွင် မတ်လ ၂၆ ရက်နေ့က ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရဲတပ်ရင်း (၂၈)မှ ဒုရဲအုပ်ညီညီထက်အောင်ဆိုသူတို့ ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

လုံးခင်းကျေးရွာရှိ မျောက်ကုန်းတပ်ရင်း (၂၈) နှင့် စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို မတ်လ ၁၈ ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်က ရမ်းသတ်ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူ ခြောက်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မတ် ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က မျောက်ကုန်းစစ်တပ်အနီးရှိ ဒေသခံပြည်သူတို့၏ နေအိမ်အလုံး ၂၀ ခန့်ကို ဘက်ဟိုးများအသုံးပြုကာ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

မတ်လ ၁၇ ရက်နေ့ကလည်း ဆိုင်းတောင်ရပ်ကွက် ၃ ရှိ ဘုန်းကြီးကျောင်းရှေ့တွင် လန်ခရူဇာကား စီးနင်းလာသည့် ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားသည်။

ကြက်တစ်ကောင်ကုန်းရပ်ကွက်၊ ရဲစခန်းအနောက်ဘက်ခြမ်းရှိ ဝန်ထမ်းအိမ်ယာတွင်လည်း မတ်လ ၁၂ ရက်နေ့က အသက် ၅၂ နှစ်ခန့်အရွယ်ရှိ လူဝန်မှုကြီးကြပ်ရေး ဒု-ဦးစီးမှုး ဦးမြင့်လွင်ဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားခဲ့သည်။

မတ်လ ၁၀ ရက်နေ့ကလည်း ဆိုင်ကယ်စီးနင်းလာသည့် ပြည်သူနှစ်ဦးကို‌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မော်မောင်းလယန်ကျေးရွာတွင် ပစ်သတ်ခဲ့ကြောင်းသိရသည်။

ဖားကန့်မြို့၊ မြို့မရပ်ကွက်ရှိ ဥရုရတနာကျောက်စိမ်းတောင်တံတားထိပ်တွင် မတ်လ ၂၂ ရက်နေ့က ပြည်သူသုံးဦးဖမ်းဆီးခံခဲ့ရပြီး မတ်လ ၂၁ ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စုတွင် နေထိုင်သည့် အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးအောင်ဖေဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

ကျောက်သွေးတောင်ရှိ ခန္တီးရာမကျောင်းတိုက်၏ အသက် ၅၀ ခန့်အရွယ်ရှိ ဂေါပကဥက္ကဋ္ဌ ဦးတင်ဌေးဆိုသူကိုလည်း မတ်လ ၁၈ ရက်နေ့က အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဖွင့်လှစ်ထားသော ဖားကန့်မြို့ရှိ အမျိုးသမီးစွမ်းရည်မြင့်တင်ရေးရုံးကိုလည်း မတ် ၁၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ရုံးစောင့်အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားကြောင်းသိရသည်။

ဖားကန့်မြို့၊ သောင်းချိုရပ်ကွက်ရှိ ကေအိုင်အေအရာရှိတစ်ဦးအိမ်ကို မတ် ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်ရှိ လူခြောက်ဦးကို ဖမ်းဆီးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်က မှော်ဝမ်းရပ်ကွက်ရှိ ဆံသဆိုင်တစ်ဆိုင်ကို မတ်လ ၁၃ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

မှော်ဝမ်းရပ်ကွက်တွင် မတ် ၇ ရက်နေ့က ရူထောင့်သစ်လက်ဖက်ရည်ဆိုင်ပိုင်ရှင်မိသားစုအပါအဝင် ဆိုင်တွင်ထိုင်နေသူ ခုနှစ်ဦးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ပြီးခဲ့သည့်မတ်လ ၁ ရက်နေ့က ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာ ယဉ်ကျေးမှုရုံးခွဲတွင် အစည်းဝေးပြုလုပ်ရန် ရောက်ရှိနေသည့် ကေအိုင်အေအရာရှိ အချို့အပါအဝင် ပြည်သူ ၃၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်းသိရသည်။

အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာတွင် မတ်လ ၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေးကာ ဒေသခံပြည်သူ ၁၃၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မတ်လ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။

ယခုဖော်ပြထားသော သတင်းအချက်အလက်များမှာ The 74 Media က ရရှိထားသော အချက်အလက်များကို ကိုးကားကာရေးသားထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၉) နယ်မြေဖြစ်သည့် ဖားကန့်မြို့နယ်တွင် ယခင်နှစ် အောက်တိုင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘက်နှင့်အရပ်ဘက်ဒေသခံအများအပြားသေဆုံးခဲ့ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ ဖမ်းဆီးနှိပ်စက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ