ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြီးခဲ့သည့် မတ်လတစ်လတာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါးသေဆုံးခဲ့ပြီး ၁၃ ဦးအရှင်ဖမ်းမီခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လက အပြင်းထန်ဆုံးတိုက်ပွဲသည် မတ်လ ၂၀ ရက်နေ့ကစတင်ဖြစ်ပွားခဲ့သော သုံးရက်တာ ဒီးမော့ဆိုမြို့နယ် ‌ဒေါတမကြီးကျေးရွာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ဦးထက်မနည်း သေဆုံးကာ လက်နက်ကြီးလက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့သည်ဟု ကရင်နီတပ်မ‌တော် (KA) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“ဒီ‌ဒေါတမကြီးအုပ်စုမှာ ဖြစ်သွားတဲ့ တိုက်ပွဲဆိုရင် ဒီစစ်ကြောင်း သုံးကြောင်ရဲ့ ကိုးဆယ်လောက်ကျသွားတယ်။ သူတို့ဘက်က တော်တော်ကျသွားတယ်ပြီးရင် ထိခိုက်ဒဏ်ရာရတာရော တစ်ဝက်လောက်ရသွားတယ်လေ။ ပြီးရင် တချို့ဆိုရင် ထွက်ပြေးသွားတယ်။ သူ့ဘာသာသူ ပျောက်သွားတာ။ ခုက ကရင်နီပြည်နယ်မှာ သူတို့က(စစ်ကောင်စီ) မြေပြင်အင်အားအခြေအနေက မကောင်းတော့ဘူး။ အဲ့ကြောင့်‌ လေယာဉ်နဲ့ပဲလုပ်နေတယ်။ အဓိက သူတို့အနိုင်ယူမှာကတော့ လေယာဉ်နဲ့ လက်နက်ကြီးနဲ့ပဲ မြေပြင်ကတော့ သူတို့ဘယ်လိုမှမလုပ်နိုင်တော့ဘူး။ ရှိတဲ့အင်အားကတော့ သူတို့ထိန်းထားမှာပေါ့။ ဒါပေမဲ့ သူတို့ ဒီတိုက်ပွဲကုန်းကြီးတွေ တိုက်ပွဲတွေကိုတော့ လေကြောင်းနဲ့ပဲ အနိုင်ရအောင်တော့ လေကြောင်းနဲ့ လက်နက်ကြီးနဲ့ပဲ အားကိုးမယ်လို့ ကျွန်တော်က သုံးသပ်ပါတယ်” ဟုပြောသည်။

အဆိုပါတိုက်ပွဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ ရဲဘော် နှစ်ဦး၊ ကရင်နီတပ်မတော်၏ ရဲဘော်နှစ်ဦး၊ နေပြည်တော် PDF ၏ ရဲဘော်တစ်ဦး စုစုပေါင်း ငါးဦးကျဆုံးခဲ့သည်။

ထို့အပြင် ဖယ်ခုံမြို့နယ် အရှေ့ဖက်ခြမ်း ကုရင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး သေဆုံးနေသော စစ်ကောင်စီအလောင်း ၁၉ လောင်းအပါအဝင် လက်နက်ကြီး လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့သည်။

သံလွင်အရှေ့ခြမ်း နန့်ပန်ချောင်းဘေး စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ – ၅၄) ဟွေ့အမ်တပ်စခန်း၊ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ – ၁၃၅) တပ်စခန်းနှင့် ထိုင်း – ကရင်နီနယ်စပ်မှတ်တိုင် အမှတ် – ၁၁ (ဘီပီ – ၁၁) စစ်ကောင်စီ ခြေကုပ်စခန်းကိုလည်း ကရင်နီတပ်မတော် (KA) က စခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး တစ်လကျော်ကြာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။

အဆိုပါ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်း တစ်လကျော်တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှစ်ရာခန့်သေဆုံးပြီး တစ်ရာကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မိုးဗြဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်စဉ်များကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် ဒီး‌မော့ဆိုမြို့နယ်၊ ပအိုဝ်းအမျိုးသားများကာကွယ်ရေးတပ် (PNDF) နှင့် အခြားမဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ တစ်လတာအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ‌ဘော်၊ မိုးဗြဲမြို့နယ်ပြည်သူ့ကာကွယ်ရေး ရဲဘော်နှင့် ကရင်နီတပ်မတော် KA ရဲဘော်အပါအဝင် စုစုပေါင်း ၁၈ ဦးထက်မနည်း ကျဆုံးခဲ့သည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် မတ်လအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းနှစ်ကျောင်းနှင့် စာသင်ကျောင်းသုံးကျောင်းအပါအဝင် ဒေသခံ ပြည်သူနေအိမ် ၂၂၈ လုံးပျက်စီးဆုံးရှုံးခဲ့သည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်နီပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနှိမ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သံဃာတော် သုံးပါးအပါအဝင် ဒေသခံပြည်သူ ၃၀ ဦး အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မတ်လက ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီး‌မော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်သို့ စစ်မျက်နှာငါးခုဖွင့်ကာ စစ်ကြောင်း ၁၂ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သည့် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး တပ်ခွဲမှူးအပါအဝင် ငါးဦး ဖမ်းဆီးရရှိခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – KNDF

 

သင့်ထင်မြင်ချက်ရေးပေးပါ