စစ်ကောင်စီတပ်က မီးရှို့ထားသည့် ကန့်ဘလူမြို့နယ်မှနေအိမ်များကို မီးငြိမ်းသတ်ရန်သွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ယနေ့ နံနက်ငါးနာရီက မိုင်းနင်းမိပြီးကျဆုံးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို စစ်ကောင်စီစစ်ကြောင်းက တတိယအကြိမ်မီးရှို့ဖျက်ဆီးပြီးနောက် မီးငြိမ်းသတ်ရန် ဒေသခံပြည်သူနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ချိန်တွင် နင်းမိုင်းများ ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်သေဆုံးသူများရှိသည်ဟု ကန့်ဘလူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ရဲဘော်တစ်ယောက်က ပွဲချင်းပြီးဆုံးသွားတာပေါ့။ ဒဏ်ရာရတဲ့သူတွေတော့ ခြေထောက်တွေထိတယ်။ လက်ထိတယ်။ သေချာတော့မသိသေးဘူး ဒဏ်ရာရတဲ့သူတွေကို ကျွန်တော်တို့က ဆေးကုတဲ့နေရာဆီ တောက်လျှောက်ခေါ်သွားတာဆိုတော့ ” ဟုပြောသည်။

ဒေသခံများ၏အဆိုအရ စစ်ကောင်စီတပ်ကထောင်ထားသည့် မိုင်းနင်မိပြီးသေဆုံးသွားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မှာ အသက် ၂၀ ဝန်းကျင်ရှိပြီး ထိခိုက်ဒဏ်ရာရသူနှစ်ဦးမှာ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြသော်လည်း အသေးစိတ်အချက်အလက်များကို မသိရသေးပါ။

စစ်ကောင်စီစစ်ကြောင်းက အင်းလယ်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိမ်ခြေတစ်ရာကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် အင်းလယ်ကြီးကျေးရွာကိုမီးမရှို့မှီ ယင်းကျေးရွာနှင့်ခုနှစ်မိုင်အကွာရှိ ဉာဏ်အင်းကျေးရွာကို ပြီးခဲ့သည့် ဧပြီလ ၂ရက်နေ့က မီးရှို့ခဲ့သည့်အတွက် ဒေသခံနေအိမ် ၄၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ နှစ်ရက်နေ့ နံနက်က ကန့်ဘလူမြို့၊ ကိုးတောင်ဘို့ကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၁၃ရ) စစ်ကြောင်းသည် လျှော်ဖြူကုန်းကျေးရွာကို တတိယအကြိမ် မီးရှို့ခဲ့သည့်အတွက် နေအိမ် ၆၀ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု စစ်ရှောင်ကျန်းမာရေးတာဝန်ခံတစ်ဦးက ပြောသည်။

“အသားလွတ်ကြီး မီးရှို့တာ။ တိုက်ပွဲမဖြစ်ဘူး။ သူတို့ဘာသာ အစောကြီးပြန်ဆုတ်တဲ့အချိန် လက်ကျန်အိမ်လေးတွေကို မီးရှို့သွားခဲ့တာ” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က အဆိုပါ ခလရ (၁၃၇) စစ်ကြောင်းသည် အလယ်ခုံကျေးရွာဒေသခံ အသက်၂၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်းလည်း သိရသည်။

ကန့်ဘလူမြို့နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းများ စစ်ရေးလှုပ်ရှားနေသည့်အတွက် ဒေသခံပြည်သူ ငါးထောင်ကျော်မှာ စစ်ကြောင်းလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာအုပ်စု ၈၆စုရှိပြီး ကျေးလက်နေအိမ်ထောင်စု ငါးသောင်းကျော်နေထိုင်သည်။

သတင်း- Yu San

ဓာတ်ပုံ- ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားရေးအဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ