ကျောက်စိမ်းလုပ်ကွက်တွင် ရေမဆေးကျောက်ရှာဖွေသူများနှင့် ဘက်ဟိုးမောင်းနှင်သူများကို ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း သိရသည်။

ဖားကန့်မြို့မှော်စီစာကျေးရွာအနီးရှိ စိန်စိန်ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီလုပ်ကွက်မှ ကျောက်စိမ်းတူးဖော်နေသည့် ဘက်ဖိုး (၁၉) စီးနှင့်အတူ  ရေမဆေးသမားများကို  ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦးက The 74 Media ကိုပြောသည်။

“ရုတ်တရက်ကြီး လာဖမ်းသွားတာ ဘက်ဟိုးသမားတွေက အလုပ်လုပ်နေတုန်း ဖမ်းခံလိုက်ရတာ မောင်းတဲ့သူတွေ ပါသွားတယ်။ ရေမဆေးသမား‌ရော အလုပ်သမားရော” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသူ ၃၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း အခြားရေမဆေးကျောက်ရှာဖွေသူတစ်ဦးက ပြောသည်။

“အခုထိဘာအဆက်သွယ်မှ မရသေးဘူး။ ဘယ်မှာထားလို့ ထားမှန်းလည်း မသိဘူး။ အခုနားထားကြပြီး ကုမ္ပဏီတွေအကုန်လုံး၊ ဘတ်ဟိုးတွေကားတွေကောအကုန်သိမ်းနေကြပြီ” ဟုသူကပြောသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

မော်မောင်လယန်‌ကျေးရွာ၊ မန‌ကျေးရွာနှင့် ဆိုင်းဂျာဘွမ်းကျေးရွာရှိ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်များကို ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ ဖမ်းဆီး‌နေခြင်းမှာ ဝင်ငွေရှာဖွေ‌နေခြင်းသာဖြစ်ပြီး သိမ်းဆည်းခံရသော စက်ပစ္စည်းများကိုလည်း ငွေကြေးဖြင့်သာရွေးယူခိုင်းနေကြောင်း မှော်စီစာကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့သတ်မှတ်ထားတဲ့အချိန်ထက်ပိုရင်ဖမ်းမယ်။ ပြီးရင်ဘယ်လောက်၊ ဘယ်လောက်နဲ့လာရွေးပါဆိုပြီး အကြောင်းပြန်မယ်။ ဟိုတစ်ခါဖမ်းမိတဲ့ဟာတွေတုန်းကလည်း ဘတ်ဖိုးတစ်စီးကို သိန်း (၃၀၀) ပေးလိုက်ရတယ်” ဟုသူကပြောသည်။

ဖားကန့်မြို့မနကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ ဝန်ထမ်းများကိုလည်း ၂၀၂၃ ခုနစ်၊ဖေဖော်ဝါရီ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သတင်း – SK

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ