မြစ်ကြီးနားမြို့တွင် မတ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၃၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း လူမှုကူညီရေးအသင်းအချို့၏ အချက်အလက်များအရ သိရသည်။

တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံနယ်မြေတွင် မတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ဆိုင်ကယ်ချင်းမတော်တဆမှုတွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အင်ဂျန်ဒုံက ကြာရာပါတီးသွားတဲ့လမ်းမှာ လူနှစ်ယောက်စီးလာတဲ့ဆိုင်ကယ်ကို ဝင်တိုက်တာပေါ့။ အဲ့ဒါက အရမ်းဆိုးတယ်၊ ဆိုင်ကယ်အချင်းချင်းတိုက်ပြီးတော့ တစ်ယောက်ဆုံးပြီး နှစ်ယောက်ဒဏ်ရာ ရသွားတာ” ဟု သူက ပြောသည်။

ဆီပုံးသယ်လာသော ဆိုင်ကယ်တစ်စီးနှင့် ကားချိတ်ဆွဲမိပြီး မတ်လ ၁၉ ရက်နေ့က မြို့သစ်ကြီးရပ်ကွက်ရှိ မလိဇွပ်ဆေးရုံရှေ့တွင် အမျိုးသားတစ်ဦးခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ခဲ့ပြီး မော်တော်ကား ယာဉ်မောင်းဖြစ်သူ ထွက်ပြေးသွားခဲ့ကြောင်း ချီဆောင်ခြင်းလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဆိုးရွားဆုံး ဖြစ်စဉ်ဆိုရင် မလိဇွပ်ဆေးရုံးနားမှာ ဖြစ်တာ၊ ကားနဲ့ချိတ်မိပြီး ဆိုင်ကယ်မီးလောင်သွားတဲ့ ဖြစ်စဉ်ပေါ့။ လူနာကတော့ တစ်ကိုယ်လုံးမီးလောင်သွားတယ်၊ အသက်ရှင်တယ် ဆေးရုံကို အချိန်မီ ပို့လိုက်နိုင်လို့ပေါ့” သူကပြောသည်။

မတ်လ ၁ ရက်နေ့က တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံနယ်မြေ ကက်သလစ်ဘုရားကျောင်းရှေ့ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတွင်လည်း လူငယ်ယောင်္ကျားလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မတ်လအတွင်းဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် ထွက်ပြေးတိမ်းရှောင်သူများရှိသောကြောင့် လူသားချင်း စာနာစိတ်ထားပြီး ထွက်မပြေးဘဲ အချင်းချင်း ညှိနှိုင်းဆွေးနွေးစေလိုကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

မြစ်ကြီးနားမြို့ရှိ လူမှုကူညီရေးအသင်းများက ရပ်ကွက်အလိုက် ခွဲဝေတာဝန်ယူကြပြီး ယခင်လက မန်ခိန်ရပ်ကွက်၊ စက်မှုရပ်ကွက်၊ တပ်ကုန်ရပ်ကွက်၊ စီတာပူရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်၊ ယုဇနရပ်ကွက်၊ ခေမာသီရိရပ်ကွက်၊ အောင်နန်းရပ်ကွက်၊ ရှမ်းစုတောင်ရပ်ကွက်နှင့် ဧရာရပ်ကွက်တို့တွင် ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

The 74 Media က ရရှိထားသော အချက်အလက်များအရ တစ်လအတွင်းဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၄၀ ဦးထက်မနည်းရှိပြီး မြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ကချင်ပြည်နယ်တွင် ယာဉ်တိုက်မှု ၁၄ မှု၊ ဒဏ်ရာရမှု ၂၂ မှုရှိကာ သေဆုံးမှု ၁၂ မှု ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကချင်ပြည်နယ်၊မြစ်ကြီးနား)၊ ချီဆောင်ခြင်းလူမှုကူညီရေးအသင်း၊ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း၊ ဧရာဝတီကရုဏာ_ အခမဲ့ လူမှုကူညီရေးအသင်း(မြစ်ကြီးနား)

 

သင့်ထင်မြင်ချက်ရေးပေးပါ