စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တောင်ဘက်ခြမ်းသို့ ဒေသအခေါ် စစ်ကောင်စီဘီလူးစစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ကစပြီး ထိုးစစ်ဆင်ဝင်ရောက်ကာ ကျေးရွာများ မီးရှို့ဖျက်ဆီးနေသောကြောင့် စုစုပေါင်း နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းမြောင်မြို့နယ်မှ စစ်ကြောင်းထိုးလာသော ဘီလူးစစ်ကြောင်းသည် ချောင်းဦးမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများတွင် မီးရှို့ဖျက်ဆီးမှု၊ လူသတ်ဖြတ်မှု ကျူးလွန်နေသောကြောင့် ကျေးရွာပေါင်း ၃၀ ရှိ ဒေသခံ စုစုပေါင်း နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က ချောင်းဦးတောင်ပိုင်းကနေ ပတ်တိုက်လာတာ ချင်းတွင်းမြစ်ဘက်ကို တိုက်လာတာဆိုတော့။ အဲ့စစ်ကြောင်းက ဘီလူးစစ်ကြောင်းလို့ခေါ်တာပေါ့နော်။ လူတွေ့ရင်သတ်တယ် ဖမ်းသွားတယ်။ ပြီးတော့ ပျူတွေနဲ့ပေါင်းတာ ဒီပျူတွေကြောင့်လဲ တော်တော်ကို ဒုက္ခဖြစ်နေတယ်။ ကျွန်မတို့ကတော့ သူတို့က လက်နက်ပါလို့ သူတို့သာ လက်နက်မပါဘူးဆိုရင် လူလူချင်းချပြီးတော့ ကျွန်မတို့က တစ်ယောက်ချင်း တစ်ယောက်ချင်းလှဲနိုင်ပါတယ်ရှင့် ဒီလောက်ထိ ရက်စက်နေတာ” ဟုပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော စစ်ရှောင်‌ဒေသခံ စုစုပေါင်း နှစ်သောင်းခန့်အတွက် စားဝတ်နေရေးအကူအညီများအရေးပေါ်လိုအပ်နေသဖြင့် ကူညီထောက်ပံ့မှုလိုလားကြောင်း အခြားသော စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့အခု အခက်အခဲလေးဖြစ်နေပါတယ်ရှင့်။ အကူအညီတောင်းခံပါတယ်။ စစ်ရှောင်တွေကလည်း တအားများတယ်။ ဘုန်းကြီးကျောင်း ဟိုဘက် ဘုန်းကြီးကျောင်းတွေမှာနေပြီး စစ်ရှောင်က တအားများတော့ ရွာကလည်း မတတ်နိုင်ဘူးဖြစ်နေပါတယ်ရှင့်။ အဲ့ဒါလေး စားဝတ်နေရေးလေးတွေ ကူညီပေးပါအုံးလို့ တောင်းခံချင်ပါတယ်ရှင့်” ဟုပြောသည်။

အဆိုပါ ဘီလူးစစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ နံနက် ကိုးနာရီခန့်က တောင်ဖီလာကျေးရွာနှင့် ရွှေပုဂံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသားနှစ်ဦးကိုပစ်ခတ်ကာ အမျိုးသမီး ငါးဦးအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ရွှေလီကျေးရွာ စီပုဂံကျေးရွာမီးရှို့တယ်။ မြောင်ဘက်ကနေပြီး ဘီလူးစစ်ကြောင်းက မှန်ချိုကျေးရွာလေ။ အဲ့ရွာကနေ တောင်ဖီလာ(ရွာ)ကို အရင်ဝင်တာ ပြီးတော့ ပြည်သူတွေကိုဖမ်းတယ်။ PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီးပြောပြီး သတ်သွားတယ်။ ရွာကိုလည်း မီးရှို့တယ်။ တောင်ဖီလာကနေပြီးတော့ ရွှေပုဂံရွာက သူ့တို့မှာ စာရင်းရှိတဲ့ PDF တွေအိမ်တွေကို ကွက်ပြီး မီးရှို့တယ်။ စစ်ကြောင်းက မထွက်သေးတော့အခြေအနေ အတိအကျမသိရသေးပါဘူး” ဟုပြောသည်။

သတ်ဖြတ်ခံရသော အမျိုးသားနှစ်ဦးမှာ တောင်ဖီလာကျေးရွာမှ ဒေသခံဟု ကနဦးသိရသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပါ။

တောင်ဖီလာကျေးရွာရှိ NUG အခြေခံစာသင်ကျောင်းအပါအဝင် စီပုဂံကျေးရွာမှ နေအိမ်သုံးလုံးနှင့် ရွှေလှေကျေးရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသော်လည်း ပျက်စီးဆုံရှုံးမှု အခြေအနေကို မသိရသေးပါ။

ချောင်းဦးမြို့နယ် တောင်ပိုင်းရှိ မှန်ချိုကျေးရွာ ဆင်မြေကျေးရွာ၊ ငါးလုံးတင်ကျေးရွာ၊ မထိသာကျေးရွာ၊ ကျွဲတပ်ကုန်းကျေးရွာ၊ ထူးနီကျေးရွာ၊ ညောင်ပင်တဲကျေးရွာ၊ ပေါက်ပင်‌ကျေးရွာ၊ တောင်ဖီလာကျေးရွာ၊ စီပုဂံကျေးရွာ၊ ကင်မွန်းတော်ကျေးရွာ၊ ကုလားကြီးကျေးရွာ၊ ရှမ်းထူးကျေးရွာ၊ မကျီးခွကျေးရွာ၊ ရွှေလှေကျေးရွာ၊ ရွှေကျင်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ယာကြီးတောကျေးရွာ၊ ဝယာကျေးရွာ၊ ‌ရွှေကူးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရွှေတစ်ဇောင်‌ကျေးရွာ၊ ငွေသာကျေးရွာ၊ ကုန်းသာကျေးရွာ၊ နဂါးဗိုလ်ကျေးရွာ၊ တော‌ကျောင်းကြီးကျေးရွာ၊ တောကျောင်းလေးကျေးရွာ၊ အမြင့်ကျေးရွာ၊ မြင်သာကျေးရွာ၊ မယ်သဲကြိုးကျေးရွာ၊ တပါယ်အင်းကျေးရွာ၊ အင်းမကျေးရွာ၊ ရွာထင်‌ကျေးရွာ၊ အနိမ့်ကျေးရွာ၊ ငါးယှံကျေးရွာ နှင့် မကျီးဘုတ်ကျေးရွာ ဒေသခံ စုစု‌ပေါင်း နှစ်သောင်းထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ချောင်းဦးမြို့နယ်တွင် အိမ်ထောင်စုအရေအတွက် နှစ်သောင်းကျော်နှင့် လူဦးရေစုစုပေါင်း တစ်သိန်းထက်မနည်း ရှိသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် တာတိုင်ကျေးရွာမှ ဒေသခံ ၁၇ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ အမျိုးသမီးသုံးဦးကို မုဒိန်းကျင့် သတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီးနောက် ဒေသခံပြည်သူများက ဘီလူးစစ်ကြောင်းဟု စတင်ခေါ်ဆိုလာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က အဆိုပါ ဘီလူးစစ်ကြောင်းသည် မြောင်မြို့နယ် ဆွဲလွဲအိုကျေးရွာရှိ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၁)၊ တပ်ခွဲ(၃) စခန်းတစ်ခုကို ဝင်ရောက်စီးနင်းကာ ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်သည်။

သတင်း – Ma Di

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ