လူငယ်များအကြားရေပန်းစားနေသော DJ Violet ကို မြစ်ကြီးနားလေဆိပ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

အင်တာနက်လူမှုကွန်ယက်စာမျက်နှာများတွင် ဖမ်းဆီးခံထားရကြောင်း သတင်းများထွက်ပေါ်နေပြီး ၎င်းနှင့်လည်း ဖုန်းအဆက်သွယ်မရကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုအတည်ပြုပြောသည်။

“လိုင်းပေါ်မှာတွေလည်း တွေ့တော့ အဲ့လိုမျိုး သူ့ဘက်ကလည်းဆက်သွယ်လို့ မရဘူးဆိုတော့ ကျွန်တော်တို့ဘက်က အဲ့ဒီလိုပဲယူဆတယ်ဗျ။ ပိုစ့်ကလည်းတက်လာတာ တစ်ခုလည်းမဟုတ်ဘူး။ တော်တော်များများ ပိုစ့်တွေ တက်လာတာတွေ့တော့ အဲ့လိုပဲအတည်ပြုလိုက်တယ်။ ဘယ်သူမှကို ဆက်သွယ်လို့မရဘူး” ဟုသူကပြောသည်။

DJ Violet (ခ) မထွေးမွန်သည် မြစ်ကြီးနားမြို့ရှိ 831 club တွင် ဖျော်ဖြေရန် မတ်လ ၃၁ ရက်နေ့က ရောက်ရှိနေခြင်းဖြစ်ပြီး ဖျော်ဖြေပွဲပြီးအပြန် မြစ်ကြီးနားလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဝါဒဖြန့် Han Nyein OO၊ Fifty-Two၊ Snow Queen အစရှိသည့် တယ်လီဂရမ်ချန်နယ်များတွင်လည်း DJ Violet က ကျောင်းသင်္ကြန်တစ်ခုတွင် DJ တီးရန်ငြင်းဆိုခဲ့ခြင်းနှင့် မူးယစ်ဆေးမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း ရေသားထားသည်။

အဆိုပါချန်နယ်များတွင် DJ Violet က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပတ်သက်ပြီးမျှဝေထားသည့် ပိုစ့်များနှင့်အတူ ၎င်း၏အိမ်လိပ်စာကိုပါ ဖမ်းဆီးနိုင်ရန် ဝါဒဖြန့်ရေးသားထားကြောင်းသိရှိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ