စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြားတိုက်ပွဲဖြစ်ပွားနေသည့် ကလေးမြို့မြောက်ပိုင်းတွင် ယနေ့ညနေ ၅ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်လေယာဉ်တစ်စီး၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးတို့ဖြင့် ပျဉ်တောဦးကျေးရွာနှင့် ညောင်ကန်းအရှေ့ပိုင်းကို လက်ရှိအချိန်ထိပစ်ခတ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီးတောင်အပူးတွေပစ်တယ်။ နှစ်လုံးတွဲ သုံးခါရှိပြီ။ အခုလည်းပစ်နေတုန်းပဲ။ Mi 35 နဲ့ ပြီးတော့ ဂျက်ဖိုက်တာတစ်စီးနဲ့ပစ်တာ” ဟုပြောသည်။

စစ်ကောင်စီတပ်နှင့် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား လက်ရှိအချိန်ထိတိုက်ပွဲဖြစ်ပွားနေကြောင်း Kalay – PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကိုယ်တွေဘက်က ဆုတ်ပေးလိုက်ရတယ်။ ညောင်ကုန်းဆိုတာတော့ (စစ်ကောင်စီ)တွေက ရသွားပြီလေ။ ရွာထဲမှာတော့ ပြည်သူတွေမရှိဘူး။ ပျဉ်းတောဦးမှာက နည်းနည်းကျန်မယ်ထင်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေပြီး ပြည်သူအချို့နေအိမ်များလည်းမီးလောင်ကျွမ်းနေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အခုလည်းလက်နက်ကြီးတွေနဲ့ ဆက်ထုတုန်း။ ညနေပိုင်းပဲ အကြိမ်နှစ်ဆယ် နားပစ်ပြီး ချင်းစုရွာမှာ မီးခိုးတွေတွေ့တယ်။ ဘယ်နှအိမ်လောင်လဲတော့ မသိဘူး။ ပြည်သူတွေကတော့ လွတ်ရာအကုန်ရှောင်နေတယ်” ဟုပြောသည်။

ကလေးမြို့မြောက်ပိုင်းတွင် မတ်လ ၃၀ ရက်နေ့မှစတင်ကာ လက်ရှိအချိန်ထိ  တိုက်ပွဲများဖြစ်ပွားနေပြီး မတ်လ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

တိုက်ပွဲကြောင့် လက်ပံချောင်းကျေးရွာ၊ မြောက်ချောကျေးရွာ၊ ချင်းစုကျေးရွာ၊ ပျဉ်းတောဦးကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မင်းလှကျေးရွာ၊ အောင်ရွာကျေးရွာ၊ ပြည်တော်သာကျေးရွာ၊ ရာဇဂြိုလ်ကျေးရွာနှင့် ဆည်ကြီးကျေးရွာတို့မှ ဒေသခံပြည်သူ နှစ်သောင်းကျော်ခန့်ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာတွင်လည်း ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၃ ရက်နေ့က ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF – Kalay တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ