ဖားကန့်မြို့၊ မြို့မရပ်ကွက်တွင် ယနေ့မွန်းလွှဲ (၁) နာရီခန့်ကတွေ့ရှိခဲ့သည့် အသက် (၂) နှစ်အရွယ်ကလေးတစ်ဦး မိဘများနှင့် ပြန်မတွေ့သေးကြောင်း သိရသည်။

အင်္ကျီအဖြူနှင့် ဘောင်းဘီရှည်အဖြူဝတ်ဆင်ထားပြီး မြို့မရပ်ကွက် Arrow စတိုးဆိုင်အနီးတွင် ယောင်လည်လည်ဖြစ်နေသည့် ကလေးတစ်ဦး၏ မိဘများကိုရှာဖွေနေခြင်းဖြစ်သည်ဟု ခေါ်ယူစောင့်ရှောက်ထားသူ အမျိုးသမီးတစ်ဦးက The74 Media ကိုပြောသည်။

“ကလေးကယောင်လည်လည်ဖြစ်နေတာတွေ့လို့ ထိန်းထားတယ်။ စတိုးဆိုင်နားမှာတွေ့တာ သူကရေမြောင်းနားမှာ သွားလိုက်လာလိုက်နဲ့ ကြာလှပြီ လုပ်နေတာ။ ဆံပင်ညှပ်ဆိုင်က အရင်တွေ့တာကလေးကို လိုက်ခေါ်တော့ ကလေးကပြေးတာ၊ အစ်မရေအဲ့ကလေးကို ဖမ်းထားပေးပါဦးဆိုတော့ခေါ်ပြီး မုန့်တွေဘာတွေ ကျွေးပြီးခေါ်ထားတယ်” ဟုပြောသည်။

လက်ရှိချိန်ထိကလေးမိဘများနှင့် အဆက်အသွယ်မရသေးကြောင်းနှင့် ယနေ့ညနေပိုင်းအထိ မိဘများက လာရောက်ခေါ်ယူခြင်းမရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အပ်နှံသွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

“ဘယ်ကလဲဆိုတော့ ဘာမှမပြောဘူး။ အမေဘယ်မှာလဲဆို ဟိုဘက်ကိုထိုးတယ်။ အိမ်ကဘယ်မှာလဲဆိုလည်း ဟိုဘက်ကိုထိုးတယ်။ သူက အတိအကျစကားမပြောတတ်ဘူး။ သူ့အမေက ဒေါ်နန်းမိုဆိုပြီးတော့ အသံထွက်လာတယ်” ဟုပြောသည်။

ကလေးငယ်ကို သိရှိပါက ဖုန်းနံပါတ် ၀၉၇၇၆၄၃၂၇၇၅ သို့ ဆက်သွယ်ပြီး လာရောက်ခေါ်ယူနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည် မတ်လ၂၈ ရက်နေ့ကလည်း တနိုင်းမြို့မှ အသက် ၁၃ နှစ်ခန့်အရွယ်ရှိ မောင်နော်ဆိုင်းသည် တူတော်စပ်သူကို ရန်မူခဲ့သောကြောင့် လမုန်ကျေးရွာရှိ မိဘနေအိမ်သို့ပြန်ရန် အစ်မဖြစ်သူက ပြောခဲ့ပြီးနောက် လက်ရှိအချိန်ထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ