ကလေးမြို့မြောက်ပိုင်းတွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူနှစ်သောင်းကျော်ခန့် အရေးပေါ်စားနပ်ရိက္ခာ အကူညီလိုအပ်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်က ပြည်သူနေအိမ်များသို့ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ကျေးရွာအတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ – ကလေး က တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“လိုအပ်တာက စားနပ်ရိက္ခာမိုးကာတွေပါ ပါလာမှာပေါ့။ စစ်ဘေးရှောင်တွေက ရုပ်ချည်းပေါ်လာတာ။ တောက်လျှောက်ကြီး တိုးတိုးလာတဲ့အတွက်ကြောင့်မို့ လိုအပ်ချက်တအားကြီးလွန်းတယ်။ တိုက်ပွဲစဖြစ်တာနဲ့ စရှောင်ရတာပဲ။ စစ်ကောင်စီကနေပြီး လက်နက်တွေနဲ့ ထုတယ်။ အပြစ်မဲ့ပြည်သူတွေအိမ်တွေပေါ် လက်နက်ကြီးကျတယ်” ဟုပြောသည်။

လက်ရှိတွင် နီးစပ်ရာမိတ်ဆွေများနှင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဖေစ့်ဘုတ်စာမျက်နှာများမှတဆင့် အလှူငွေကောက်ခံကာ ကူညီနေသော်လည်း လုံလောက်မှုမရှိသဖြင့် အများပြည်သူများ ကူညီပေးစေလိုကြောင်း သူကဆက်ပြောသည်။

“လောလောဆယ်တော့ အလှူငွေရသလောက်ကောက်ခံနေတယ်ပေါ့နော်။ ပြီးတော့ နီးစပ်ရာ အသိမိတ်ဆွေတွေကို အကူညီတောင်းထားတယ်။ ဒါပေမဲ့လည်း အလှူခံနေတဲ့ တစ်ခုထဲနဲ့တင် လုံလောက်မှုတော့ မရှိသေးဘူး။ လိုအပ်ချက်တအားကြီးလွန်းတယ်။ ဒါကြောင့် ပြည်သူတွေ အကုန်လုံး ဝိုင်းပြီးကူညီမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ မျှော်လင့်တယ်” ဟုပြောသည်။

အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၏အကူညီဖြင့် ဖြေရှင်းနေကြောင်း ကလေးမြို့နယ် လူသားချင်းစာနာထောက်ထားရေးအဖွဲ့ ဒုတာဝန်ခံက ပြောသည်။

“စားသောက်ဖို့တွေ ကြိုတင်ပြင်ဆင်မှု မရှိဘူး။ တိုက်ပွဲကလည်း ရုတ်တရက်ကြီးဖြစ်လာတယ်ဆိုလို့လေ။ စစ်ကြောင်းက အင်အားအလုံးအရင်းနဲ ရုတ်တရက်ကြီး ဝင်လာတော့ ပြည်သူတွေက ချက်ချင်းထွက်ပြေးတိမ်းရှောင်ရတာပေါ့။ သူတို့မှာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးလာတော့ ရိက္ခာပိုင်းတွေက အရမ်း အခက်ခဲဖြစ်တာပေါ့” ဟုပြောသည်။

တိုက်ပွဲကြောင့် လက်ပံချောင်းကျေးရွာ၊ မြောက်ချောကျေးရွာ၊ ချင်းစုကျေးရွာ၊ ပျဉ်းတောဦးကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မင်းလှကျေးရွာ၊ အောင်ရွာကျေးရွာ၊ ပြည်တော်သာကျေးရွာ၊ ရာဇဂြိုလ်ကျေးရွာနှင့် ဆည်ကြီးကျေးရွာတို့မှ ဒေသခံပြည်သူ နှစ်သောင်းကျော်ခန့်ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများကို ကူညီလိုပါက စစ်ဘေးရှောင်ကူညီရေးအဖွဲ့ – ကလေး ဖေ့ဘုတ် လူမှုကွန်ယက်စာမျက် https://www.facebook.com/kalayidps76 နှင့် ကလေးမြို့နယ် လူသားချင်းစာနာထောက်ထားရေးအဖွဲ့ ဒုတာဝန်ခံ၏ ဖေ့ဘုတ် အကောင့် https://www.facebook.com/profile.php?id=100072238166904 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

ကလေးမြို့မြောက်ပိုင်းတွင် မတ်လ ၃၀ ရက်နေ့မှစတင်ကာ လက်ရှိအချိန်ထိ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာတွင်လည်း ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၃ ရက်နေ့က ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF – Kalay တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

သတင်း – Nan Non

ဓါတ်ပုံ – စစ်ဘေးရှောင်ကူညီရေးအဖွဲ့ – ကလေးဒေသ

သင့်ထင်မြင်ချက်ရေးပေးပါ