မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်တွင် ယနေ့ နံနက် ကိုးနာရီခွဲခန့်က နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒူကထောင်ရပ်ကွက် နယ်မြေ (၄) ရှိ နေအိမ်တစ်လုံး လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မျက်နှာကျက်မှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်အနီးမှ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အကုန်လုံးက အိမ်အောက်ထပ်မှာ စကားပြောနေတာ။ လောင်တာက မီတာဘောက်စ်ကနေ စလောင်တာ။ ဝါယာကြိုးကနေလိုက်သွားပြီးတော့ အပေါ်ထပ် မျက်နှာကျက်ကနေစသွားတာ။ အပေါ်ထပ်လောင်နေတာ မသိလိုက်ဘူး။ အိမ်က အဲ့တစ်အိမ်ပဲ။ ဝင်းအကျယ်ကြီးမို့ တခြားအိမ်တွေမထိလိုက်ဘူး” ဟု ပြောသည်။

နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း လူအထိအခိုက်မရှိကြောင်း ပါဝင်ကူညီခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

“ဒူကထောင် ဘုရားကျောင်းရှေ့လမ်း ဘောလုံးကွင်းလမ်းမှာ။ လူအထိခိုက်တော့မရှိဘူး။ လမ်းကြားလေးထဲဝင်ရတယ်။ အိမ်ကတော့ တစ်ခုမှ ရစရာမရှိတော့ဘူး။ ထင်းပဲကျန်တော့တယ်” ဟုပြောသည်။

မီးလောင်ခဲ့သော နေအိမ်မှာ ဝါးထရံ နှစ်ထပ်အိမ် အမျိုးအစားဖြစ်ပြီး နေအိမ်တစ်ခုလုံးပြာကျသွားခဲ့သည်ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လက မြစ်ကြီးနာမြို့ တပ်ကုန်းရပ်ကွက်တွင် နေအိမ်နှစ်လုံး နှင့် စီတာပူရပ်ကွက် ဒူဝါဇော်ရစ်လမ်း ဒေသအခေါ် ဂျပန်လမ်းတွင် နေအိမ်သုံးလုံး စုစုပေါင်း ငါးလုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ