စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ကျေးရွာနှစ်ရွာအနီးတွင် ယမန်နေ့ နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်နှင့် ထီးချိုင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မယ်ဇလီကျေးရွာနှင့် ရတနာအောင်ကျေးရွာတွင် အင်အား ၁၀၀ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းနှင့် ထီးချိုင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲက ရတနာအောင်ရွာမှာ တိုက်ပွဲတစ်ခု၊ မယ်ဇလီရွာထဲမှာက တိုက်ပွဲတစ်ခု၊ တစ်ချိန်ထဲမှာ နှစ်ခုဖြစ်တာ။ တိုက်ပွဲကတော်တော်လေးကြာတော့ လေယာဉ်ကြောက်လို့ ကလေးတွေထိခိုက်မှာစိုးလို့ ပြန်ဆုတ်လိုက်တယ်။ ကိုယ့်ကလေးတွေကိုခေါ်ထုတ်လိုက်တော့ သူတို့ချည်းပဲကျန်ခဲ့တော့ ရွာကိုမီးရှို့တာ” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့သည့် ရတနာအောင်ကျေးရွာနှင့် မယ်ဇလီကျေးရွာမှ အိမ်ခြေအရေအတွက်ကို မသိရှိရသေးပါ။

တိုက်ပွဲဖြစ်ပွားပြီးနောက် ရတနာအောင်ကျေးရွာနှင့် မယ်ဇလီကျေးရွာအနီးတွင် တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးငါးလုံးကြဲခဲ့သည့်အပြင် ရတနာအောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရတနာအောင်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တော့ စကစ (စစ်ကောင်စီ)ဘက်က တော်တော်ကျတယ်။ အပေါ်ကနေ လေယာဉ်နဲ့ ကျောင်းကိုပစ်သွားတာ သုံးခါတောင်ပစ်တာ။ အပေါ်ကနေ လက်မောင်းလောက်ပဲရှိတဲ့ သေးသေးလေးတွေနဲ့ချတာ။ လက်နက်နဲ့ပစ်တာ” ဟုပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရတနာအောင်ကျေးရွာအနီး စစ်တန်းကျေးရွာမှ အသက် ၃၀ ဝန်းကျင်အရွယ် ကိုသန့်စင်ဦးဆိုသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကနဦးသိရပြီး မည်သည့်လက်နက်ကြောင့် သေဆုံးရသည်ကိုမူ မသိရှိရသေးပါ။

စစ်ကောင်စီစစ်ကြောင်းများက မီးရှို့ခဲ့သည့် မယ်ဇလီကျေးရွာနှင့် ရတနာအောင်ကျေးရွာသည် ဧရာဝတီမြစ်၏ အနောက်ဘက်ပိုင်းတွင် တည်ရှိပြီး တိုက်ပွဲများကြောင့် အဆိုပါကျေးရွာနှစ်ရွာအပြင် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူတစ်ထောင်ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ထီးချိုင့်မြို့နယ်တွင် ကျေးရွာအုပ်စု ၂၉ စု ရှိပြီး ကျေးလက်နေ အိမ်ထောင်စု နှစ်သောင်းခြောက်ထောင် ကျော်ရှိသည်။

သတင်း – Yu San

ဓါတ်ပုံ – Tigyaing Revolution- TR

သင့်ထင်မြင်ချက်ရေးပေးပါ