မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခ‌ဲ့ရာ ခြောက်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ခန့်သေဆုံးခဲ့ပြီး ၁၁ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ကန်းညီနောင်ရဲစခန်း၊ စစ်ကောင်စီတပ်ရင်း ၂၇၅နှင့် ၃၅၅တို့အား KNLA ပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ရာ ၂၇၅ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးခန့်သေဆုံးခဲ့ပြီး ဒုရဲမှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ တပ်ကြပ်နှစ်ဦး၊ ဒုတပ်ကြပ်နှစ်ဦး၊ တပ်သားတစ်ဦး နှင့် ဒုတပ်ကြပ်၏ဇနီး တစ်ဦး၊ စုစုပေါင်း ရှစ်ဦးတို့ကို သုံ့ပန်းအဖြစ်အရှင်ဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

တိုက်ပွဲအတွင်း ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၅)က ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ ပစ္စတိုတစ်လက်၊ AK Rifleခုနှစ်လက်၊ AKစက်လက်တစ်လက်၊ G3 ခုနှစ်လက်၊ BA 93 တစ်လက် ၊ AK ကျည် ၁၉၆ တောင့်၊ G3 ကျည် ၃၈၅ တောင့်၊ ၉မမ ကျည် ၁၀၄တောင့်အပြင် အခြား စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ရွှေမြစန္ဓီမြို့သစ်ကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၂၈ ရက်နေ့က လက်နက်ကြီး ၄၈ ကြိမ်ပစ်ခတ်ခဲ့သဖြင့် ပြည်သူနေအိမ် ၁၃ လုံးထိမှန်ကာ တစ်လုံးမီးလောင်ပြာကျခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့က Drone နှင့် စနှိုက်ပါကို အသုံးပြုတိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့်တပ်ဖွဲ့၀င်တစ်ဦး သေဆုံးကြောင်း သိရသည်။

ထို့အတူ မတ်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ကို စနိုက်ပါနှင့် Drone အသုံးပြုတိုက်ခိုက်ခဲ့သဖြင့် ဗိုလ်ကြီး တစ်ဦးနှင့် ထောက်လှမ််းရေးတပ်ဖွဲ့၀င်တစ်ဦးသေဆုံးခဲ့ပြီး မတ်လ ၃၀ရက်နေ့က သင်္ကန်းညီနောင်ရဲစခန်းကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကော်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။

အလားတူ မတ်လ ၃၀ရက်နေ့က KNLA တပ်ဖွဲ့များ စိုးမိုးထားသောနယ်မြေအတွင်း ရောက်ရှိလားသော နယ်ခြားစောင့်တပ်ဖွဲ့၀င် ဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း သုံးဦးအရှင်ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဆိုပါတိုက်ခိုက်မှုများကို တပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်တပ်ဖွဲ့၀င်ခြောက်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သော မတ်လ ၂၅ ရက်နေ့ နှင့် ၂၆ ရက်နေ့အတွင်း ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – cobra column

 

သင့်ထင်မြင်ချက်ရေးပေးပါ