စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း တရားမဝင်လောင်းကစားရုံများ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိသည့် ဖားကန့်မြို့နယ်တွင် ခြောက်ကောင်ဂျင်၊ သုံးဆယ့်ခြောက်ကောင်ဂျင်ခုံများကို ယခင်က မြေစာပုံများတွင်သာဖွင့်လှစ်ကြသော်လည်း ယခင်နှစ်မှစတင်ကာ ကျေးရွာများအတွင်း ဖွင့်လှစ်လာခြင်းဖြစ်သည်ဟု လုံးခင်းဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“တရားဝင်လိုဖြစ်နေတာပဲ အကုန်လုံး။ လုံးခင်းလိုနေရာကြီးမှာငါးမန်းဂိမ်းတွေရော အကုန်ရှိနေတာပဲ။ ကလုန်းကလုန်းဆိုင်တွေကတော့ မြေစာပုံပေါ်တင်မဟုတ်တော့ဘူး။ ငါးမန်းဂိမ်းတွေရော သုံးဆယ့်ခြောက်ကောင်တွေရော၊ နှစ်လုံး၊ သုံးလုံးရော ဒီမှာက တရားဝင်လိုဖြစ်နေတာ။ အကုန်လုံးတော့ မသိဘူး။ ဒါပေမဲ့သွားတဲ့နေရာတိုင်းမှာတော့ မြင်နေရတယ်” ဟုပြောသည်။

လုံးခင်းကျေးရွာ ရပ်ကွက် (၃) ရှိ ဈေးတွင်လည်း ငါးပစ်ဂိမ်းလောင်းကစားရုံရှိပြီး ဈေးဝယ်လာသည့် အိမ်ထောင်ရှင်မများက လာရောက်ဆော့ကစားကြပြီး လုံခြုံရေများလည်း ချထားကြောင်း သူကဆက်ပြောသည်။

“မနက်ဈေးဝယ်လာရင်နဲ့ အဲ့ငါးမန်းဂိမ်းထဲဝင်ထိုးလိုက်တော့ ဈေးတောင် အသား၊ ငါးမဝယ်ဘဲနဲ့ အသီးရွက်လေးဝယ်ပြီး ပြန်တာတွေ အမြဲတမ်းကြုံနေရတယ်။ မိန်းလမ်းပေါ်ကနေလှမ်းကြည့်လိုက်ရင် ဂိတ်ပေါက်ဝမှာ အစောင့်တွေနဲ့ အတူမြင်နေရတယ်” ဟုသူကပြောသည်။

လုံးခင်းကျေးရွာအထွက် မှော်စီစာကျေးရွာအဝင်ရှိ Night Garden KTV တွင်လည်း လောင်းကစားရုံ ဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှသိရသည်။

လောင်းကစားရုံရှေ့တွင် အသက် ၂၀ကျော်ခန့်ရှိ အမျိုးသားများ ငါးယောက်ခန့်လုံခြုံစောင့်နေကြောင်း လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ လက်သတ်မွေးထားတဲ့ ကောင်လေးတွေ စောင့်တာ။ လူငယ်လေးတွေ။ ကောင်လေးတွေ မွေးထားတဲ့ သဘောပေါ့။ အရပ်ဝတ်နဲ့ စောင့်တာ” ဟုပြောသည်။

ဆိုင်းတောင်ကျေးရွာရှိ ကျောက်ဝိုင်းအတွင်းဖွင့်လှစ်ထားသော ငါးပစ်ဂိမ်းလောင်းကစားရုံ နှစ်ရုံမှာ ညနက်သည်အထိ အော်ဟစ်ဆူညံသံများကို ကြားနေရသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဖွင့်လှစ်ထားသောကြောင့် တိုင်တန်းရန်ခက်ခဲကြောင်း ဆိုင်းတောင်ကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဆိုင်းတောင် ကျောက်ဝိုင်းထဲမှာ ငါးပစ်ဂိမ်း၊ ဖဲဝိုင်း၊ သူတို့ငြိမ့်ငြောင်းတို့၊ လိပ်တို့ နေ့လယ်ကနေ ညအထိပဲ ဝိုင်းကောင်းရင် မနက်ထိရှိတယ်။ ဆူညံတာပေါ့။ ဟိုဘက်ဒီဘက်ဆိုတော့ ပြောရင်က အတီးခံရမှာပေါ့” ဟုပြောသည်။

အဆိုပါလောင်းကစားရုံများကို ဖားကန့်မြို့နယ်ရှိ လုံးခင်းကျေးရွာအုပ်စု၊ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာအပြင် မှော်မုံကျေးရွာ၊ ဆိုင်းအောင်ကျေးရွာ၊ မားဆားကျေးရွာတို့တွင် အများဆုံးတွေ့ရပြီး နေ့လယ် ၁၂ နာရီခန့်မှ နောက်တစ်နေ့ နံနက် မိုးလင်းသည်အထိ ပိတ်ရက်မရှိ ဖွင့်လှစ်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

ဖားကန့်မြို့နယ်တွင် ၂၀၂၂ ခုနှစ်မှစတင်ကာ တိုက်ပွဲများ၊ လုပ်ကြံသတ်ဖြတ်မှုများနှင့် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများ မကြာခဏ ပြုလုပ်နေသောကြောင့် ဒေသခံပြည်သူများက သွားရေးလာရေးအတွက် သတိထားနေရသော်လည်း အဆိုပါ လောင်းကစားရုံများတွင် လူစည်ကားနေဆဲဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ လောင်းကစားဝိုင်းဖွင့်ထားသည့် နေအိမ်တစ်အိမ်ကို မတ်လ ၁၀ ရက်နေ့က အိမ်စီးကား သုံးစီးဖြင့် အင်အား ၁၅ ဦးခန့်ပါရှိသည့် အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရသည်။

မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းကိုလည်း  ဒေသခံများက ကန့်ကွက်နေပြီး အမြန်ဆုံးပိတ်သိမ်းပေးစေလိုနေကြောင်း သိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ