စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦး မူဆယ်မြို့တွင် ယမန်နေ့နေ့လယ် ၁၂ နာရီခန့်က ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

မူဆယ်မြို့အပြင်ရှိ သိန်းသန်းချီကားကြီးကွင်း အဝင်ဝတွင် ဂိတ်စောင့်နေ‌သော ပြည်သူ့စစ်တပ်ဖွဲ့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မူဆယ်သိန်းချီးကားကြီးကွင်းမှာ လာပစ်သတ်ပေးလိုက်ကြတယ်။ တစ်ယောက်က ပစ်သတ်ခံရပြီး သေတယ်။ တစ်ယောက်ကတော့ သေနတ်ကျည်မှန်ပြီး သေတယ်” ဟုပြောသည်။

မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သည်ကို မသိရှိရကြောင်းနှင့် ပစ်သတ်ခံရသည့် ပြည်သူ့စစ်အဖွဲ့အမည်ကိုလည်း မသိရှိရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဘယ်သူလဲတော့ မသိဘူး လူက နှစ်ယောက်သေတယ်။ ပြည်သူ့စစ်က ဟုတ်တယ်။ ပြည်သူ့စစ်က အမျိုးအစားပေါင်းစုံတယ် အဲ့မှာက။ ဒါပေမဲ့ဘယ်က ပြည်သူ့စစ်လဲဆိုတာက မသိနေဘူး” ဟုပြောသည်။

The 74 Media ကရရှိထားသော CCTV မှတ်တမ်းအရ ပစ်ခတ်သတ်ဖြတ်ခဲ့သူများသည် Crown အမျိုးအစား ကားအဖြူတစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်အတိုဖြင့် လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ သေဆုံးသွားသူများထံမှ သေနတ်များကို ယူဆောင်သွားကြောင်းသိရသည်။

မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာန(လ.ဝ.က) ရုံးအဟောင်းတွင်လည်း မတ်လ ၈ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ