ကချင်ပြည်နယ်၊ ရွှေကူမြို့၊ အမှတ် (၁) ရပ်ကွက်တွင် ယနေ့ နံနက် ရှစ်နာရီခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး နှစ်ထပ်အိမ်တစ်လုံး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ရွှေကူမြို့ခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဘုရားခန်းက အရင်စလောင်တာလို့ပြောတယ်။ ဘုရားခန်းက လျှပ်စစ်ဝါယာကြိုးပေါက်နေတာ။ မီးခိုးတွေထွက်နေတာတဲ့။ အဲ့တာကိုသူတို့က သတိမထားမိဘူးတဲ့။ ကလေးတွေဆိုတော့ပေါ့တာနေပါတော့မယ်” ဟုပြောသည်။

တစ်နာရီကျော်ကြာ မီးလောင်မှုကြောင့် နေအိမ်အပါအဝင် အိမ်တွင်းပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ပိုင်ရှင်အမျိုးသမီး (အိမ်ရှင်) ကမေ့လဲသွားလို့ ဆေးရုံရောက်နေတယ်။ အလှူလုပ်မလို့တဲ့ ဝယ်ထားတဲ့ပစ္စည်းတွေလည်း ကုန်ရော။ သင်္ကြန်မှာ သူ့သားတွေ သင်္ကန်းဝတ်ဖို့တဲ့” ဟုပြောသည်။

အခြားနေအိမ်များထံ မီးကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်းနှင့် မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် မြို့နေအိမ်ခြေ ၃၅၀၀ ကျော်ရှိပြီး လူဦးရေ နှစ်သောင်းခန့်နေထိုင်သည်။

 

သတင်း- Yu San

ဓာတ်ပုံ- ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ