မြစ်ကြီးနား – လိုင်ဇာ – မိုင်ဂျာယာန်ပြေးဆွဲနေသည့် မော်တော်ယာဉ်စီးခနှုန်းထားများ ငွေကျပ်တစ်သိန်းထိမြင့်တက်လာသောကြောင့် မိုင်ဂျာယာန်တွင် ကျောင်းတက်နေသည့် ကျောင်းသားများအခက်တွေ့နေကြောင်း သိရသည်။

အဆိုပါလမ်းကြောရှိ ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) ထိန်းချုပ်နယ်မြေအတွင်းမှဂိတ်များနှင့် စစ်ကောင်စီဂိတ်များတွင် ငွေကြေးများပေးဆောင်နေရပြီး စက်သုံးဆီဈေးနှုန်း မြင့်တက်လာသောကြောင့် ယာဉ်စီးခတိုးမြင့်ကောက်ခံရခြင်းဖြစ်သည်ဟု မြစ်ကြီးနား – လိုင်ဇာ – မိုင်ဂျာယာန်လမ်းတွင် ပြေးဆွဲနေသည့်ယာဉ်မောင်းတစ်ဦးက The 74 Media ကိုပြောသည်။

“ဂိတ်တွေမှာ အခွန်ထည့်ရတာတွေလည်း အကုန်လုံးတွက်ကြည့်မယ်ဆိုရင် ငါးသောင်းလောက်ရှိတယ်။ ကျွန်တော်တို့အတွက်လည်း ကိုးသောင်းလောက်နဲ့ပဲ မကိုက်လို့ တစ်သိန်းရောက်သွားတာ။ ဆီဈေး အတက်၊ အကျပေါ်မှာလည်း မူတည်တာပေါ့” ဟုပြောသည်။

လမ်းတစ်လျှောက်တွင် စုစုပေါင်းဂိတ် ခုနှစ်ခုခန့်ရှိပြီး အများစုမှာ ငွေကြေးကောက်ခံလေ့ရှိကာ တစ်ဂိတ်လျှင်ငွေကျပ်တစ်သောင်းခန့်ပေးရကြောင်း အခြားယာဉ်မောင်းများထံက သိရသည်။

ယာဉ်စီးခနှုန်းထားများ မြင့်တက်လာသောကြောင့် မိုင်ဂျာယာန်တွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများအတွက် ငွေကြေးအကုန်အကျများကာ အခက်အခဲဖြစ်နေကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“မြစ်ကြီးနားကပဲ သွားတာဆိုရင်တောင် နှစ်သိန်းပေါ့၊ ကျောင်းသားတစ်ယောက်နဲ့ အမေတစ်ယောက်၊ လမ်းမှာ စားဖို့သောက်ဖို့က ရှိသေးတယ်။ တကယ်လို့ ကားပျက်ပြီး အိပ်ရမယ်ဆိုရင် ဟိုတယ်ခတွေကလည်း အနည်းဆုံး နှစ်သောင်း၊ သုံးသောင်းဆိုတော့ ကျောင်းသားတစ်ယောက်ရဲ့ အသွားအပြန်စရိတ်က မလွယ်ဘူးရော” ဟု သူကပြောသည်။

ကျောင်းတွင်ပေးသွင်းရသော ပညာရေးစရိတ်ထက် လမ်းခရီးစရိတ်က ပိုများနေသောကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် သွားရေးလာရေးစရိတ် ငွေကြေးကုန်ကျသက်သာစေရန် သက်ဆိုင်ရာများအနေဖြင့် သင့်တင့်သောဈေးနှုန်း သတ်မှတ်ပေးစေလိုကြောင်း သူကဆက်ပြောသည်။

“ပြောရမယ်ဆိုရင် တစ်ရက်ခရီးပဲလေ မိုင်ဂျာယာန်ဘက်က အခုချိန်စီးပွားရေးလုပ်လို့ရပြီး ပိုက်ဆံရှာရလွယ်တာလည်း မဟုတ်ဘူး။ ကျောင်းသားတွေပဲ အများပိုင်းရှိတာကို လမ်းစရိတ်က အဲ့လောက်ဈေးကြီးတာအဆင်မပြေဘူး” ဟုသူကပြောသည်။

ယခင်ကမြစ်ကြီးနား-လိုင်ဇာ-မိုင်ဂျာယာန် လမ်းခရီးတွင် ငွေကျပ်ခြောက်သောင်းဖြင့် သွားလာနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်ကာ ကျပ်ငွေရှစ်သောင်းမှတစ်သိန်းထိ မြင့်တက်သွားကြောင်း သိရသည်။

မိုင်ဂျာယာန်မြို့တွင် ဖွင့်လှစ်ထားသော Mai Ja Yang College, Mai Ja Yang Institute Of Education (IED), Institute of Liberal Arts and Sciences (Mai Ja Yang), Federal Law Academy အစရှိသည့် အဆင့်မြင့်ပညာရေးကျောင်းများတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြို့နယ်အသီးသီးမှ CDM ကျောင်းသား၊ ကျောင်းသူများနှင့် ကေအိုင်အေ/အို ထိန်းချုပ်နယ်မြေရှိ အထက်တန်းအောင်မြင်ပြီးသူများက ပညာသင်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းများတွင် CDM ဆရာ၊ ဆရာမများနှင့် မိုင်ဂျာယာန် ဆရာအတတ်သင်ကျောင်းမှ ကျောင်းဆင်းသော ဆရာ၊ ဆရာမများက ဥပဒေဆိုင်ရာ ဘာသာရပ်၊ ကွန်ပျူတာ ဆိုင်ရာဘာသာရပ်၊ အင်္ဂလိပ်ဘာသာအထူးပြု ဘာသာရပ်၊ တရုတ်ဘာသာအထူးပြုဘာသာရပ်၊ ဆရာအတတ်သင် ဘာသာရပ်နှင့် သိပ္ပံပညာရပ်ဆိုင်ရာ အထူးပြုဘာသာရပ်များကို သင်ကြားပေးနေကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – KIA ပြန်ကြားရေး

သင့်ထင်မြင်ချက်ရေးပေးပါ