ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြင်းထန်စွာဖြစ်ပွားခဲ့သော နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့က ဒေါလျာခူကျေးရွာအနီးရှိ ဒေသအခေါ် ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ‌ခြေလျင်တပ်ရင်း (ခလရ – ၂၈၇) ကို ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုပေါ့။ စစ်ကြောင်း ထိုးနေတာတော့ ကြာပြီ၊ တနီးလာလဲကျေးရွာ တောင်ဘက်အပေါ်မှာ ချနေတာကြာပြီ၊ ခုအဲ့စစ်ကြောင်းတွေထဲက တစ်ကြောင်းက ဒီဘက်တောင်ကို စစ်ကြောင်းထိုးလာလို့ သွားတိုက်တာပေါ့နော်။ တိုက်ပွဲက မနက်ကနေ ညထိတစ်နေကုန်နီးပါးဖြစ်သွားတယ်ပေါ့နော်။ ပထမရက်ကလည်း မနက်ကစပြီး ညထိဖြစ်သွားတယ်” ဟု ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၊ တပ်ရင်း ၅၊ တပ်ရင်း ၆၊ တပ်ရင်း ၇၊ တပ်ရင်း ၁၀၊ တပ်ရင်း ၁၅ တို့ ပူး‌ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေစဉ် တိုက်လေယာဉ်နှစ်စီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သော်လည်း တိုက်ပွဲအတွင်း MA – 1 သေနတ် သုံးလက်၊ MA – 2 သေနတ်နှစ်လက်၊ MA – 3 သေနတ် တစ်လက်နှင့် အခြားသော လက်နက်ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ စာသင်‌ကျောင်းဆောင် နှစ်ဆောင်ပျက်စီးကာ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ထိ ဖြစ်ပွားခဲ့သော ဒီး‌မော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ဦးထက်မနည်း သေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – KNDF

သင့်ထင်မြင်ချက်ရေးပေးပါ