မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် ယမန်နေ့ ညနေ လေးနာရီခန့်က နေအိမ်တစ်အိမ်မှ အမျိုးသားငါးဦးကို လက်နက်ကိုင်ဆောင်ထားသည့် အရပ်ဝတ်နှင့်လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အိမ်စီးကားနှစ်စီးဖြင့် မျက်နှာတွင် အမည်းရောင်ပုဝါများစည်းထားသော အင်အား ၂၅ ဦးခန့်ပါရှိသည့် လူတစ်စုက အဆိုပါအမျိုးသားငါးဦးကို လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်ရှင်ရဲ့သားကို လာရှာတာ။ နာမည်ကိုခေါ်ပြီးမှကို တစ်ခါတည်း ဝင်လာတာပဲ။ ကားပေါ်မှာ ကလေးတွေကို အကုန်လုံးလက်ပြန်ကြိုးတွေတုပ်၊ အကုန်မှောက်ပြီး ထည့်သွားလိုက်တော့တာပဲ။ ကလေးက ကြောက်လို့နေမှာ မော့ကြည့်လိုက်တော့ သေနတ်တွေနဲ့ ထုတယ်တဲ့ နာထင်မှာ သွေးတွေနဲ့ တွေ့လိုက်တယ်” ဟုသူကပြောသည်။

လာရောက်ဖမ်းဆီးသူများက လက်နက်များကိုင်ဆောင်ထားကာ အနီးပတ်ဝန်းကျင်မှ ပြည်သူများကိုလည်း မကြည့်ရန် အော်ငေါက်မှုများပြုလုပ်ခဲ့ပြီး အိမ်ပိုင်ရှင် အမျိုးသားဖြစ်သူကို မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခြင်းဖြစ်ကာ သားဖြစ်သူကိုလည်း PDF ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရကြောင်း သူကဆက်ပြောသည်။

အဆိုပါ လာရောက်ဖမ်းဆီးသူများက ဖိုးဝီးနောက်ပွင့် အမျိုးအစားကားများဖြင့် ရောက်ရှိလာပြီး အဆိုပါအိမ်တွင်ရှိနေသော ကားတစ်စီးကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

နေအိမ်အတွင်း တက်တူးထိုးရန်ရောက်ရှိနေသည့် လူငယ်များနှင့် အိမ်ရှင်အမျိုးသားဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံခဲ့ရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကားတွေနဲ့ရောက်လာပြီး ဝင်ဖမ်းတာ ကျွန်တော်က အဲ့မှာမရှိနေခဲ့ဘူး။ သူ့(ဖမ်းဆီးခံခဲ့ရသူ)အမေကို ပြောတယ်တဲ့ စစ်သားက ခင်ဗျားသား ဘာလုပ်ထားလဲဆိုပြီး ဖမ်းတာတဲ့ စုံစမ်းရင် စုံစမ်းတဲ့သူကိုပါ ဖမ်းမှာတဲ့ အခုထိသတင်းလဲမရ” ဟုသူကပြောသည်။

ဖမ်းဆီးခံခဲ့ရသူငါးဦးကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရဘဲ ရဲစခန်းတွင်လည်း တိုင်ကြားခြင်းမရှိကြောင်း သိရသည်။

မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ သီတာရပ်ကွက် အဝိုင်းပတ်လမ်းထောင့်တွင် အမျိုးသား နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

သတင်း – Pan Soon

 

သင့်ထင်မြင်ချက်ရေးပေးပါ