ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မံဝိန်းကျေးရွာကို ယမန်နေ့ မွန်းတည့် ၁၂နာရီခန့်က စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အခြားကျေးရွာများဖြစ်သည့် စီမူကြီးနှင့် စီမူလေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တံတားဦးလေတပ်မှထွက်ခွာလာသည့် တိုက်လေယာဉ်နှစ်စီးက မံဝိန်းကျေးရွာကို ဗုံးကြဲပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်းဝင်ရောက်လာပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ်အမြောက်အများ မီးလောင်ပျက်စီးခဲ့ရသည်ဟု ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လေကြောင်းနဲ့ပစ်ကူပြီးတော့မှ စကစ (စစ်ကောင်စီ) တပ်တွေတက်လာတဲ့အခါ ရွာထဲကိုဝင်ပြီး မီးရှို့ဖျက်ဆီးတယ်။ မီးရှို့ဖျက်ဆီးတော့ အဲ့ဒီမီးဟာမနေ့က တစ်ညလုံးလောင်တယ်။ ဒီနေ့မနက်ထိလည်း ဆက်တိုက်လောင်နေတုန်းပဲ ” ဟုပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေတစ်ထောင်ကျော်ရှိသည့် မံဝိန်းကျေးရွာမှ နေအိမ်ထက်ဝက်ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ကနဦးသိရသည်။

အလားတူ ရွှေကူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၇၇)၊ ခလရ (၈၈)နှင့် ခလရ (၁၀) စစ်ကောင်စီပူးပေါင်းစစ်ကြောင်းသည် စီမူလေးနှင့်စီမူကြီးကျေးရွာကို ယမန်နေ့က မီးရှို့ခဲ့ကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“မနက်တစ်နာရီ (၃၀ရက်နေ့)လောက်ကိုက စီမူကြီး(ရွာ)ကိုရှို့တာ။ စီမူကြီးပြီးတော့ မနက်ကိုက စီမူလေး(ရွာ)ကိုရှို့တာ။ စီမူလေးရှို့ပြီး နေ့လယ်မှာ မံဝိန်း(ရွာ)ကို လေယာဉ်နဲ့လာကြဲပြီး မံဝိန်းကိုမီးရှို့သွားတာ” ဟုပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် စီမူကြီးကျေးရွာမှ နေအိမ်ဆယ်လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး စီမူလေးကျေးရွာမှ မီးလောင်ပျက်စီးသည့် နေအိမ်အရေအတွက်ကိုမူ မသိရှိရသေးပါ။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့်ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တစ်ပါတ်ကျော် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လက်ရှိချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၉ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ကျေးရွာအုပ်စု ၂၆ စုရှိပြီး ကျေးလက်နေ အိမ်ထောင်စု တစ်သောင်းခွဲခန့်ရှိသည်။

သတင်း- Yu San

ဓာတ်ပုံ- People Defense Force Shwe Gu

သင့်ထင်မြင်ချက်ရေးပေးပါ