စစ်ကောင်စီတပ်နှင့် မံစီမြို့နယ်တံင် ယမန်နေ့ကဖြစ်ပွားခဲ့သော ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံတံတားကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက The 74 Media ကို ပြောသည်။

“ခြေလျင်တက်လာတဲ့ စစ်ကြောင်းက သံတံတားဘုန်းကြီးကျောင်းမှာ တပ်စွဲနေတာကို ကေအိုင်အေဘက်ကနေ အရင်သွားပစ်တာ။ လက်နက်ကြီးနဲ့ရော ဒရုန်းနဲ့ရော အရင်သွားပစ်တာ။ အဲ့ဒီနောက်မှ စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့လာပစ်တာ တစ်ယောက်က ဒဏ်ရာရပြီးတော့ တစ်ယောက်က ကျသွားပြီ” ဟုပြောသည်။

အဆိုပါဘုန်းကြီးကျောင်းကို KIA တပ်ဖွဲ့က ယမန်နေ့ နံနက် ၅ နာရီခန့်တွင် သွားရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က သံတံတားကျေးရွာအထက်ပိုင်းကို နံနက် ၇ နာရီခန့်တွင် တစ်ကြိမ် ၈ နာရီခန့်တွင် တစ်ကြိမ် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညနေပိုင်းကလည်း မက်လင်ချောင်ကျေးရွာနှင့် မံသာကျေးရွာဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းသုံးကြောင်းဖြင့် သံတံတားကျေးရွာသို့ ချီတက်လာသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မံစီမြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာက ရွာလူကြီးတွေရော ရွာသားတွေရော အကုန်လုံးထွက်ပြေးနေကြတာဆိုတော့ အဆက်အသွယ် မရသေးတော့ ရွာထဲမှာ ဘယ်လိုအခြေနေရှိတယ်ဆိုတာ မသိရသေးဘူး” ဟုပြောသည်။

လက်ရှိအချိန်တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းက သံတံတားကျေးရွာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာမှ သုံးမိုင်ခန့်အကွာရှိ လိုင်ကာကျေးရွာနှင့် ဇွပ်ဂျာကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်တပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ