ဝိုင်းမော်မြို့နယ်တွင် မတ်လဒုတိယပတ်မှစတင်ကာ နွားအကောင်ရေ ၅၀ ထက်မနည်း နှာခေါင်းမှသွေးထက်ပြီးသေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

ဝူယန်ကျေးရွာ ဒေသခံများ၏ နွားထိန်းကျောင်းရာ နောင်းယန်ကျေးရွာနှင့် ဒေသအခေါ် ခဒူပါလယ်တောရှိ နွားအချို့ နှာခေါင်းမှသွေးထွက်ကာ ဖျားနာသည့်လက္ခဏာများဖြစ်ပြီးနောက် နှစ်ရက်အကြာတွင် သေဆုံးသွားကြောင်း အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူက ဘယ်လိုလဲဆိုရင် အသက်ရှူလမ်းကြောင်းပေါ့နော် ဒီနှာခေါင်းကနေ သွေးနည်းနည်းစီထွက်ထွက်တာ။ ပြီးတော့ ဖျားပြီးပျော့သွားပြီ အရင်ကနွားတွေဖျားပြီးသေရင်ကျ ဗိုက်တွေဖောင်းတာရှိတယ်လေ ခုကကျ အဲ့လိုမဖြစ်ဘူး သွေးနည်းနည်းစီထွက်ပြီးတာနဲ့ အသက်ရှူရတာ အရမ်းခက်သလိုနဲ့ နှစ်ရက်လောက်နေရင် သေပြီ။ ကျွန်တော့်ဟာကတော့ လေးနှစ်သား နွားတစ်ကောင်သေသွားပြီ” ဟုပြောသည်။

ဝူယန်ဒေသခံများ နွားထိန်းကျောင်းလေ့ရှိသော လယ်တောအနီးရှိ ဒေသအခေါ်အင်လုံချောင်းတွင် ဓာတုဆေးဝါးများအသုံးပြုပြီး ငါးဖမ်းမှုများမကြာခဏပြုလုပ်သောကြောင့် သောက်သုံးနေသော ကျွဲနွားများ သေဆုံးမှုဖြစ်ပေါ်ရခြင်းဖြစ်နိုင်ကြောင်း အခြားသောဝူယန်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက သူ့အမြင်ကို ပြောသည်။

“ဒီမှာ ငှက်ပျောပင်မစိုက်တာတော့ မရှိတော့ဘူးပေါ့။ စိုက်ခင်းဘေးက ချောင်းကို သောက်နေတဲ့ ဒီ ကျွဲတွေ နွားတွေက အနာဖြစ်ပြီး ဆုံးတာတွေလည်း ကြုံနေရတုန်းပဲ။ အရင်ကဆိုရင် နွားတွေ ‌ရောင်ရမ်းပြီးတော့ သေသွားကြတာ အများကြီးပဲ။ ဒီလိုမျိုးဖြစ်တာက ငှက်ပျောပင်စိုက်ခင်းတွေ ရှိလာပြီးတဲ့နောက်မှာမှ ပိုများလာတာဟုတ်တယ်။ ဒီက သူတို့သုံးတဲ့ ဆေးတွေကို ကောင်း‌ကောင်းမသုံးတာလား ဘာလားတော့မသိဘူး။ အဲ့စိုက်ခင်းအနီးအနားက ခြံတွေမှာလည်း ဆေးတွေသုံးတာတော့သုံးကြမှာပေါ့နော်။ ဒီတချို့ကလည်း ချောင်းမှာ ဆေးရေတွေခတ်ပြီး ငါးဖမ်းစားတာတွေလည်းရှိတော့လေ အဲ့ကြောင့် ငါးတွေ ပုဇွန်တွေလည်း မရှိလာတော့ဘူး” ဟု ပြောသည်။

နွားများ သေဆုံးရခြင်းသည် ဓာတုဆေးဝါးများအသုံးပြုမှုကြောင့်ဟု ပြောဆိုနေသော်လည်း The 74 Media က သီးခြားအတည်မပြုနိုင်သေးပါ။

အဆိုပါ နွားများသေဆုံးမှုနှင့်ပတ်သက်ပြီး ဆေးဝါးဆိုင်ရာနည်းလမ်းအကူအညီလိုအပ်နေသည်ဟု ဝူယန်ကျေးရွာဒေသခံ နွားပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

“အခုက ကျွန်တော်တို့တွေ နွားတွေကို ခြံစည်းရိုးလုပ်ပြီး မောင်းထည့်ပြီး ဆေးထိုးဖို့ပေါင်းလုပ်နေကြတာဟုတ်တယ်။ ခုဒီလိုတွေဖြစ်နေတော့လေ။ အဆက်အသွယ်လုပ်ပြီးတော့ ဆေးဝါးလိုအပ်တာလေးတွေ နည်းလမ်းလေးတွေ ကူညီပေးစေချင်တယ်ပေါ့နော်။ ကျွန်တော့်နွားဆိုရင် တော်တော်ကြီးပြီဟုတ်တယ်။ ဒါပေမဲ့ နွားက နှာခေါင်းကနေ သွေးတွေထွက်လာတော့ ဘာမှမတတ်နိုင်လိုက်ဘူး။ ကျွန်တော့်နွားဆို လေးနှစ်တောင်ရှိပြီလေ။ အဲ့ဆိုရင်တော့ နွားလှည်းတောင်ဆွဲနိုင်ပြီဟုတ်တယ်” ဟုပြောသည်။

ဝူယန်ဒေသခံ နွားပိုင်ရှင်အများစုမှာ ဝူယန်ကျေးရွာမှ ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသော နောင်ယန်ကျေးရွာတွင် နွားကျောင်းလေ့ရှိကြောင်းသိရသည်။

သေဆုံးသွားသော နွားအချို့ကို မီးင်္ဂြိုလ်ခြင်း၊ အချို့ကို မြေမြုပ်ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဝိုင်းမော်မြို့နယ်တွင် ငါးနှစ်အရွယ်အထက်ရှိ နွားတစ်ကောင်လျှင် ပေါက်ဈေး ခုနှစ်သိန်းကျပ်နှင့် ရှစ်သိန်းကျပ်ကြားရှိပြီး နွားတစ်ပိဿာလျှင် တစ်သောင်းကျော်ခန့် ပေါက်ဈေးရှိသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဝိုင်းမော်မြို့နယ်တွင် အိမ်ထောင်စုအရေအတွက် နှစ်သောင်းခန့်နှင့် လူဦးရေစုစုပေါင်း တစ်သိန်းခန့် ရှိပြီး လယ်ယာ၊ သစ်တော နှင့် ငါးလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်ကြသည်။

သတင်း – Ma Di

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ