စစ်ကောင်စီတပ်က ယမန်နေ့နံနက် ကိုးနာရီခန့်က ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကျွန်းကြီးကုန်းကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၇၀ ဝန်းကျင်ပါဝင်သောစစ်ကြောင်းက ညောင်ပင်သာကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ညောင်ပင်သာကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ငယ်မှန်တာ။ ညောင်ပင်သာရွာရဲ့ ရွာဦးဘက်က ချောင်းဘေးမှာ တံငါသည်တွေနေတဲ့အိမ်ကို မီးသွားရှို့တဲ့အဖွဲ့ (စစ်ကောင်စီအဖွဲ့) က လှမ်းပစ်လိုက်တယ်နေမှာ။ အဲ့တာခြုံပုတ်ထဲမှာဝပ်နေတဲ့ ကလေးမကို မှန်သွားတာ” ဟုပြောသည်။

သေဆုံးခဲ့သူ အမျိုးသမီးမှာ အသက် ၂၀ နှစ်ခန့်အရွယ်ရှိ မဇာခြည်ဝင်းဆိုသူဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ယမန်နေ့နေ့လယ်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းမှာ အိမ်ခြေတစ်ထောင်ကျော်ရှိသည့် ညောင်ပင်သာကျေးရွာကို နှစ်ကြိမ်တိတိ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထီးချိုင့်ဒေသခံ သံဃာတော်တစ်ပါးက မိန့်သည်။

“မနက်ကတည်းကညောင်ပင်သာကို မီးရှို့နေတာ။ ရွာကြီးက အိမ်ခြေတစ်ထောင်လောက်ရှိတာ နည်းနည်းပဲ ကျန်တော့တယ်။ မီးက ၉ နာရီခွဲကစရှို့ ၁၀ ခွဲလောက်မှာ ရွာတောင်ဘက်ထွက်ပြီးတော့ ၁၁ ထိုးလောက်မှာ ပြန်ရှို့တာ” ဟုပြောသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ခြေအရေအတွက်မည်မျှရှိသည်ကို The 74 Media က မသိရှိရသေးပါ။

အိမ်များမီးရှို့ဖျက်ဆီးခံခဲ့ရသည့် ညောင်ပင်သာကျေးရွာမှ ဒေသခံ လေးထောင်ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စု ၂၉ စုရှိပြီး လူဦးရေ နှစ်သောင်းကျော် နေထိုင်သည်။

သတင်း – Yu San

ဓာတ်ပုံ – Tigyaing revolution

သင့်ထင်မြင်ချက်ရေးပေးပါ