စစ်ကောင်စီစစ်ကြောင်းက ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေသော‌ကြောင့် ဒေသခံလူငယ်နှင့် ကလေးမိခင်အချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

လွန်ခဲ့သည့် မတ်လ ၂၁ ရက်နေ့မှ စတင်က ဖတ်မာကျေးရွာအတွင်းရှိ မူလတန်းကျောင်းတွင် တပ်စွဲနေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ပြောသည်။

“မိဘတွေက ကလေးတွေအတွက်စိတ်ပူလို့ တခြားရွာကအမျိုးတွေမှာ သွားထားကြတယ်။ စကစ(စစ်ကောင်စီ) တွေက ရွာထဲမှာရှိတော့ တောင်ယာလုပ်စားတဲ့သူတွေ၊ တစ်ရက်လုပ် တစ်ရက်စားတဲ့သူတွေအတွက် အဆင်မပြေဘူး။ တိုက်ပွဲဖြစ်လာမှာကြောက်လို့ အိမ်နဲ့ဝေးဝေးတောင်မသွားကြဘူး၊ တောင်ယာလည်းမသွား။ သူတို့စစရောက်တုန်းကတော့ ရွာသားတွေကိုလည်းစစ်ဆေးတာတွေရှိတယ်” ဟုပြောသည်။

အဆိုပါကျေးရွာအတွင်း တပ်စွဲနေသော အင်အားသုံးဆယ်ကျော်ခန့်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်းမှာ (ခလရ-၁၃၇)၊ (ခလရ-၁၃၈)၊ (ခလရ-၄၆)နှင့် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တို့ဖြစ်ကြောင်းသူက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များရွာအတွင်း တပ်စွဲနေသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကာ ဒေသခံများ ကတုတ်ကျင်းတူးထားကြောင်း သက်လတ်ပိုင်းအရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့က ရွာထဲမှာ သေနတ်ကြီးကိုင်ပြီး လျှောက်သွားနေတော့ ကြောက်တယ်လေ။ တိုက်ပွဲဖြစ်လာရင်တော့ သေကုန်မှာလေ။ အဲ့ဒါကြောင့် ကတုတ်ကျင်းတွေက တူးထားရတယ် ” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က ဖတ်မာကျေးရွာတွင်တပ်စွဲထားသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းက ကျေးရွာအနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

၂၀၁၄ သန်းခေါင်းစာရင်းအရ ဖတ်မာကျေးရွာအုပ်စုသည် လူဦးရေစုစုပေါင်းနှစ်ထောင်ကျော်ခန့်နေထိုင်ပြီး မြစ်ကြီးနား – ပူတာအိုကားလမ်းမဘေးတွင် တည်ရှိသောကျေးရွာဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ မြစ်ကြီးနား – ပူတာအိုကားလမ်းရှိ ဆွမ်ပီယန်ကျေးရွာနှင့် လုံရှာယန်ကျေးရွာကြားတွင် တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း- Dureng

ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ