ကချင်လွတ်မြောက်ရေးတပ် KIA ပူပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် အင်းတော်ကြီးဒေသ နန့်မွန်းတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နန့်မွန်းတောင် ဒေသအခေါ် ၁၄ မိုင်တောင်ခြေတွင် တောင်ထိပ်မှ ခြေလျင်ဖြင့် ဆင်းလာသည့် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ – ၄၂)ကို ယနေ့ မွန်းလွှဲ တစ်နာရီခန့်က ပဒေသာမိုင်း နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“ကျွန်တော်တို့အဖွဲ့က သွားပြီးမိုင်းဆွဲတာ ဟုတ်တယ်။ အဲ့အဖွဲ့က (စစ်ကောင်စီတပ်) မနေ့ကမှ နန့်မွန်းတောင်ထိပ်မှာရှိတဲ့ ဂိတ်ကိုရောက်ခဲ့တာ။ ပြောတာတော့ ဖားကန့်ဘက်ကို တက်မယ့်အဖွဲ့လို့ ကြားတယ်။ အဲ့အချိန်မှာ သူတို့ (စစ်ကောင်စီတပ်)ဆင်းလာတာကို စောင့်ပြီးဆွဲခဲ့တာ။ သုံးဦးကတော့ ပွဲချင်းပြီးသေဆုံးသွားတယ် ကျွန်တော်တို့ ကိုယ်တိုင်မြင်ခဲ့တာ” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က နန့်မွန်းတောင်ထိပ်မှ အိမ်စီးကား လေးစီးဖြင့် ဖားကန့်ဘက်သို့ လိုက်ပါသွားကြောင်း နန့်မွန်းဒေသခံ အသက် ၃၀ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးယောက်ကတော့ ပွဲချင်းပြီးသေသွားတာ။ ခုနှစ်ယောက်တော့ဒဏ်ရာရသွားတယ်။ အဲ့လိုဖြစ်ပြီးတာနဲ့ နန့်မွန်းတောင်ထိပ်ကို ကားနဲ့သယ်သွားတာ။ ပြီးမှ ကျန်တဲ့ အယောက်နှစ်ဆယ်ကတော့ အင်းတော်ကြီးဘက်ကို လာတဲ့ အိမ်စီးကားလေးစီးပေါ်တက်ပြီး ဖားကန့်ဘက်ကို သွားလိုက်တာ” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကို The 74 Media က သီးခြားအတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် မတ်လ ၁၆ရက်နေ့က အင်းတော်ကြီးဒေသ၊ နန့်မွန်းတောင်ခြေရှိ ဒေသအခေါ် ၁၄ မိုင်တောင်ခြေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် အိမ်စီးကားကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် လေဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – Nan Sandar Aye

သင့်ထင်မြင်ချက်ရေးပေးပါ