စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နှင့် ဗန်းမောက်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြသည့် ဗန်းမောက်မြို့နယ်အနောက်ပိုင်းတွင် အရပ်သားနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိကြောင်းသိရသည်။

စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ပူးပေါင်းတပ်နှင့် ဗန်းမောက်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ အလယ်ကျေးရွာအနီးတွင် ယမန်နေ့ညမှ ယနေ့ နံနက်ခုနှစ်နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗန်းမောက်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အလယ်ရွာရဲ့စာသင်ကျောင်းဝင်းထဲမှာ လက်နက်ကြီးတွေမှန်တယ်။ ပြီးရင်ဟိုဘက်ကံရွာကိုလည်း လက်နက်ကြီးတွေဝင်သွားတာပေါ့။ အိမ်ခြေလေးဘာလေးကတော့ နည်းနည်းပါးပါးအထိအခိုက်လေးရှိတယ်။ ဒါပေမဲ့ လူအထိအခိုက်ကတော့ မရှိဘူး” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိတွင် ကြောင်လည်ကျေးရွာ၊ အလယ်ကျေးရွာနှင့် ဗန်းမောက်မြို့တို့တွင် တပ်စွဲထားပြီး ဒေသခံများကို ရွာအတွင်းမှထွက်ခွင့်မပြုကြောင်း သူကဆက်ပြောသည်။

“ကြောင်လည်ရွာဘက်မှာ ဒေသခံတွေပိတ်မိနေတယ်။ အလယ်ရွာမှာလည်း ဒေသခံရွာသားတွေကို လုံးဝအပြင်ထွက်ခွင့်မရှိဆိုပြီး ပိတ်ပင်ထားတာပေါ့။ အပြင်ထွက်တဲ့သူရှိရင် သူတို့ရဲ့ရန်သူဆိုပြီး ပစ်သတ်မယ်ဆိုပြီး ပြောထားတာ” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ၂၄ ရက်နေ့ကစပြီး ဗန်းမောက်မြို့နယ်အနောက်ပိုင်း ကြောင်လည်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်ပြီး ခြောက်ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိကြောင်း မြေပြင်ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

“PDF တွေကျတယ်။ အလောင်းပြန်မရဘူး။ SNA နဲ့ စစ်ကောင်စီပေါင်းတိုက်တာ အင်အား ၃၀၀ ကျော်မယ်။ ဝိုင်းခံလိုက်ရတာ။ ရွာတွေကိုလည်း လက်နက်ကြီးနဲ့ရမ်းပစ်တော့ ရွာသားတွေပါထိတယ်တဲ့” ဟုပြောသည်။

စစ်ကောင်စီဝါဒဖြန့် Fifty Two News တယ်လီဂရမ်ချန်နယ်တွင် ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးသည်ဟု ရေးသားထားသည်။

စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း ကနဦးသိရသော်လည်း မည်မျှသေဆုံးသည်ကို မသိရှိရသေးပါ။

တိုက်ပွဲဖြစ်ပွားသည့်ကာလအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က နားနန့်ထွန်ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် ဒေသခံအရပ်သား သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဗန်းမောက်အနောက်ပိုင်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ကြောင်လည်ကျေးရွာအနီးတစ်ဝိုက်ရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် ၂၀၁၉သန်းခေါင်စာရင်းအရ ကျေးလက်နေလူဦးရေ ခြောက်သောင်းကျော်နေထိုင်ပြီး အိမ်ခြေ ၁၈၀၀၀ကျော်ရှိသည်။

သတင်း – Yu San

ဓာတ်ပုံ – ဗန်းမောက် PDF တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်

သင့်ထင်မြင်ချက်ရေးပေးပါ