စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ရေမြောင်းများပိတ်ဆို့နေသဖြင့် မိုးရွာသွန်းချိန် ဖားကန့်မြို့ မှော်စီစာကျေးရွာရှိ လမ်းမများပေါ် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ရေမြောင်းများတွင် အမှိုက်များပိတ်ဆို့နေပြီး ရေးစီးရေလာမရှိသောကြောင့် လမ်းသွားလမ်းလာများအတွက် ခက်ခဲနေသည်ဟု ရပ်ကွက်နေဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးရွာတော့မြောင်းကပိတ်ပြီး လမ်းပေါ်ရေတွေတက်ပြီလေ ချိုင့်ခွက်တွေကလည်း ဗလပွနဲ့ ခဏခဏ ဆိုင်ကယ်လဲကြတယ် အဲ့ဒီလမ်းမကြီးမှာ” ဟုသူကပြောသည်။

အမှိုက်များတွင် ပလပ်စတစ်စွန့်ပစ်အမှိုက်များအပြင် အညစ်အကြေးများနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ ပါဝင်နေကြောင်း ရပ်ကွက်နေ အသက်(၄၀)နှစ်ခန့်အရွယ်ရှိ အခြားဒေသခံတစ်ဦးက ပြောသည်။

“ဒီအမှိုက်ကိစ္စက မှော်စီစာရွာပိုဆိုးတယ်လို့ ပြောရမယ်။ အမှိုက်လည်း ပစ်ချင်တဲ့နေရာပစ်တယ်။ ရှို့ချင်တဲ့နေရာ ရှို့ကြတယ်။ မိုးရွာတော့ အကုန်လမ်းမပေါ်ရောက်ကုန်တယ်။ အတွင်းခံတွေနဲ့ မိန်းမအသုံးအဆောင် ပစ္စည်းတွေကအစ လမ်းပေါ်မှာ အကုန်တင်နေတယ်” ဟုသူကပြောသည်။

မှော်စီစာကျေးရွာအတွင်း ယခုကဲ့သို့ စည်းကမ်းမဲ့ စွန်းပစ်ထားသည့် ပေ ၂၀ ခန့်ရှည်လျားသော အမှိုက်ပုံကြီး လေးခုခန့်ရှိပြီး ရေမြောင်းများတွင်လည်း အမှိုက်များ စွန့်ပစ်ထားသောကြောင့် မြောင်းများပိတ်ဆို့ကာ လမ်းမပေါ်သို့ ရေလျှံလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့မြောင်းများပိတ်ဆို့နေသောကြောင့် လာရောက်ရှင်းလင်းပေးရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို ပြောကြားထားသော်လည်း တစ်စုံတစ်ရာအကြောင်းပြန်လာခြင်း မရှိကြောင်း အခြားရပ်ကွက်နေဒေသခံတစ်ဦးက ပြောသည်။

“အမှိုက်တွေသိမ်းတဲ့ကားတော့လာတယ် မလာတဲ့ခါကြရင်တော့ လမ်းထိပ်ကအမှိုက်ပုံမှာသွားသွန်းတယ်။အဓိကတော့ အမှိုက်တွေကို စည်းစနစ်ကျသွန်းမယ် ပြီးတော့ ရွာကရေမြောင်းတွေကိုသေချာဖောက်ရင် အဆင်ပြေတယ်” ဟုသူကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ဖားကန့်မြို့ မှော်စီစာကျေးရွာရှိ အမှိုက်ပုံတွင် မူးယစ်ဆေးသုံးစွဲသူများက အမြဲဆိုသလို အမှိုက်မီးရှို့ထားသဖြင့် ဒေသခံပြည်သူများ သွားရေးလာရေးခက်ခဲပြီး အမှိုက်လာရောက်စွန့်ပစ်ခြင်းကို တားမြစ်ပေးရန်နှင့် အမှိုက်ပုံပြောင်းရွှေ့ပေးရန် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကို တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။

သတင်း – SK

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ